နွားထိုးကြီးက လက်ဝဲ၊ မြင်းနီရွာဗုံးကြဲခံရပြီး အရပ်သား ခြောက်ဦး ဒဏ်ရာရ

နွားထိုးကြီးမြို့နယ် လက်ဝဲနဲ့ မြင်းနီရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။

နွားထိုးကြီးမြို့နယ် လက်ဝဲ၊ မြင်းနီရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် နေအိမ်များအား ၂၀၂၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - နွားထိုးကြီးဂျာနယ်

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် လက်ဝဲနဲ့ မြင်းနီရွာကို မတ်လ ၂၃ ရက်နေ့ မနက် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂျက်တိုက်လေယာဉ်အပြင် Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ပါ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း အသက် ၁၃ နှစ်အရွယ် ကလေးငယ် အပါအဝင် အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား လေးဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက RFAကို ပြောပါတယ်။

“အားလုံးက အရပ်သားတွေပဲဗျ။ အများစုက တိမ်းရှောင်နေကြပေမဲ့ တိမ်းရှောင်စရာမရှိတဲ့ လူတွေက လက်ဝဲ၊ မြင်းနီရွာမှာပဲ ပေကပ်ပြီးနေကြတာ။ ဗုံးကြဲတဲ့အချိန်မှာ သူတို့လည်း ပြေးတာပဲ၊ ဒါပေမဲ့ မလွတ်တာပေါ့”

အဲဒီထဲက အသက် ၆၅ နှစ်အရွယ် အမျိုးသားက ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။ ဒီ့အပြင် နေအိမ်ဆယ်လုံးကျော်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ဝဲနဲ့ မြင်းနီရွာဟာ လမ်းတစ်လမ်းပဲခြားပြီး ဒေသခံအများစုက ဘေးလွတ်ရာ မြို့ပေါ်နဲ့ တောတောင်တွေထဲ တိမ်းရှောင်နေကြပေမဲ့ ရွာလူဦးရေ သုံးပုံတစ်ပုံလောက်က ကိုယ့်အိမ်မှာပဲ ကိုယ်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မတ်လ ၂၅ ရက်မနက်ပိုင်းက ဖုန်းခေါ်ခဲ့ရာမှာ တုံ့ပြန်ဖြေကြားဖို့ ငြင်းဆိုပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၅ ခုနှစ် မတ်လတတိယပတ်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၃၅၅၄ ဦးသေဆုံးပြီး၊ ၇၀၆၄ ဦးဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org