ကလေးမြို့ နတ်ချောင်းရွာမှာ သုံးရက်တာတိုက်ပွဲဖြစ်လို့ ရွာလုံးကျွတ်ထွက်ပြေးနေရ
စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာမှာ ဧပြီလ ၂၄ ရက်ကစပြီး ဒီကနေ့အထိ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့ PDF တွေ သုံးရက်ကြာတိုက်ပွဲဖြစ်နေလို့ နတ်ချောင်းရွာသားတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-04-26
-
-
-
စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာမှာ ဧပြီလ ၂၄ ရက်ကစပြီး ဒီကနေ့အထိ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့ PDF တွေ သုံးရက်ကြာတိုက်ပွဲဖြစ်နေလို့ နတ်ချောင်းရွာသားတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာထဲက အိမ်ခြောက်လုံးလည်း မီးရှို့ခံလိုက်ရတယ်လို့ အမည်မဖော်လိုတဲ့ နတ်ချောင်းရွာ သား တစ်ဦးက RFA ကို ပြောပါတယ်။
“အခုတစ်ခါ မီးရှို့ခံရတာ ငါးအိမ်၊ ခြောက်အိမ်လောက်ရှိတယ်။ စစ်သားတွေက ရှို့ကြတာ။ တိုက်ပွဲတွေက အခုချိန်ထိရှိနေတုန်း။ အခုတောင် သေနတ်သံတွေ ကြားရတယ်”
နတ်ချောင်းရွာဟာ ကလေးမြို့တောင်ပိုင်းကရွာတွေထဲ အိမ်ခြေနှစ်ထောင်ကျော်ရှိတဲ့ အကြီးဆုံးရွာဖြစ်ပြီး ခုလိုတိုက်ပွဲတွေကြောင့် တချို့က မြစ်သာမြစ် အရှေ့ဘက်က ရွာတွေဆီကို တိမ်းရှောင်ကြသလို ကလေးမြို့ပေါ်ကိုလည်း တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့လယ် ပိုင်းအထိ ဆက်သွယ်ရာမှာ ဆက်သွယ်လို့မရခဲ့ပါဘူး။
နတ်ချောင်းရွာဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ နေအိမ် ၄၃ လုံး ပထမအကြိမ် မီးရှို့ခံခဲ့ရသလို အခုနှစ် မတ်လ ၁၆ ရက်ကလည်း ဒုတိယအကြိမ်မြောက် နေအိမ် ၇၈ လုံး မီးရှို့ခံခဲ့ရပြီး တတိယအကြိမ်အဖြစ် ဧပြီ ၁၁ ရက်နေ့က နေအိမ် ၁၀၉ လုံး မီးရှို့ခံခဲ့ရပါတယ်
နတ်ချောင်းရွာမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် စုစုပေါင်း ၂၄၅ လုံးရှိပြီး စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် နတ်ချောင်းရွာသား ၁၄ ဦးလည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။