မူးယစ်ဆေးပြား နှစ်သန်းကျော် စံချိန်တင် ဖမ်းဆီးမိ
မြန်မာ့ပင်လယ်ပြင်အတွင်း သင်္ဘောတစ် စီးပေါ်က သန်းနဲ့ချီတဲ့ မူးယစ်ဆေးပြားတွေ ကို မြန်မာ့ရေတပ်က စံချိန်တင် ဖမ်းဆီးမိခဲ့ ပါတယ်။
-
2014-08-24 -
-
-
မြန်မာ့ပင်လယ်ပြင်အတွင်း သင်္ဘောတစ်စီးပေါ်က သန်းနဲ့ချီတဲ့ မူးယစ်ဆေးပြားတွေကို မြန်မာ့ရေတပ်က စံချိန်တင် ဖမ်းဆီးမိခဲ့ပါတယ်။
သြဂုတ်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံဘက်ကို သွားနေတဲ့ သင်္ဘောတစ်စီးကို ကော့သောင်းမြို့အနီး မြန်မာ့ ရေတပ်က ကြားဖြတ် စစ်ဆေးရှာဖွေခဲ့ရာမှာ မက်သာဖက်တမင်း စိတ်ကြွဆေးပြားပေါင်း နှစ်သန်းလေးသိန်း နီးပါး ဖမ်းဆီးရမိခဲ့ပါတယ်။
ဒါဟာ မူးယစ်ဆေးဝါး ဖမ်းဆီးမှုသမိုင်းမှာ စံချိန်တင်လောက်အောင် အရေအတွက် အများဆုံး ဖမ်းမိခဲ့တာ ဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ သန်း ၂ဝ ကျော် တန်ဖိုးရှိတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်သိန်း က ပြောဆိုပါတယ်။
မူးယစ်ဆေးတွေနဲ့အတူ သင်္ဘောမာလိန်မှူးအပါအဝင် မြန်မာနိုင်ငံသား ၁၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လကလည်း ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ဒေါ်လာ နှစ်သန်းကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေ ဖမ်းမိခဲ့ပါတယ်။
မက်သာဖက်တမင်း စိတ်ကြွဆေးပြားထုတ်လုပ်မှုဟာ ဝေးလံခေါင်ဖျားဒေသတွေမှာ နေရာရွှေ့ပြောင်းလွယ်တဲ့ ဓါတ်ခွဲရုံအသေးစားတွေနဲ့ ထုတ်လုပ်တဲ့အတွက် ခြေရာခံဖို့ ပိုခက်တယ်လို့ ရဲမှူးကြီး မြင့်သိန်းက ပြောပါတယ်။