မန္တလေး နန်းဦးလွင်ရွာက နေအိမ်တွေကို စစ်ကောင်စီ ဖယ်ရှားခိုင်း
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ရွာအုပ်စုထဲက နေအိမ်တွေကို စစ်ကောင်စီဘက်က ဖျက်သိမ်းခိုင်းထားပါတယ်။
-
RFA Burmese
2023-06-28 -
-
-
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ရွာအုပ်စုထဲက နေအိမ်တွေကို ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး စစ်ကောင်စီဘက်က ဖျက်သိမ်းခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လယ်ယာမြေပေါ်မှာ အဆောက်အအုံ ဆောက်လုပ်နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖျက်ခိုင်းတာလို့ ဆိုပါတယ်။
ဇွန်လ ၂၇ ရက်နေ့က အကြောင်းကြားစာပို့လာတာဖြစ်ပြီး ဖျက်သိမ်းခိုင်းတဲ့ နေအိမ်တွေကို ဆေးအနီတွေနဲ့ အမှတ်အသားပြုလုပ်သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ အကြောင်းကြားစာ လိုက်ကပ်တယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖျက်ရင်ဖျက် မဖျက်ရင် သူတို့ဖျက်မယ်။ ပြီးတော့ ဒါကို ဆန့်ကျင်ရင်လည်း ဥပဒေအရ အရေးယူမယ်ပေါ့နော်၊ အဲဒါတွေ ပြောသွားတယ်။ နေလာတာက ကြာပြီ။ လမ်းတွေ လျှပ်စစ်မီးတွေရော အကုန်ရနေပြီ။ ရပ်ကွက်ကြီးလိုဖြစ်နေတာ အခုမှ လာဖျက်ခိုင်းတာ”
အခုဖျက်ခိုင်းတဲ့နေရာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ခန့်ကစလို့ နေထိုင်လာခဲ့သူတွေ ပါဝင်ပြီး အဆောက်အအုံတွေကလည်း အခိုင်အမာဆောက်ထားတဲ့ သုံးထပ်တိုက်တွေအထိ ပါဝင်တယ်လို့ ဆိုပါတယ်။
ဖျက်ခိုင်းထားတဲ့ အိမ်အရေအတွက် တစ်သောင်းခန့်ရှိတယ်လို့ ဒေသခံတွေကပြောပေမယ့် ဒီအရေအတွက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ အကြောင်းကြားစာထဲမှာတော့ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရဘဲ အဆောက်အအုံ ဆောက်လုပ်ထားလို့ သတ်မှတ်ရက်အတွင်းဖျက်ပေးဖို့နဲ့ မဖျက်ပေးရင် အရေးယူမယ်လို့ ရေးသားထားပါတယ်။
အာဏာသိမ်းကာလအတွင်း မန္တလေးမှာ မီးရထားဌာနပိုင်မြေ၊ လျှပ်စစ်တာဝါတိုင် နယ်နိမိတ်၊ ဆည်မြောင်းမြေနယ်နိမိတ်နဲ့ လမ်းနယ်နိမိတ်ကို ကျူးကျော်တာ စတဲ့အကြောင်းပြချက်တွေနဲ့ နေ့စဉ်လိုလို နေအိမ်ဖျက်ဆီးဖယ်ရှားတာတွေ ရှိနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောကြပါတယ်။
မန္တလေးတိုင်းက ရပ်ကွက်ပေါင်း (၁၃) ခု၊ အိမ်ခြေ တစ်ထောင်ကျော်၊ လူငါးသောင်းဝန်းကျင် နေထိုင်တဲ့ မြစ်ငယ်တစ်မြို့လုံးနီးပါးကိုလည်း စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ မတ်လမှာ ဖျက်ဆီးဖယ်ရှားခဲ့ပါတယ်။