နမ်ခမ်းမြို့မှာ SSPPကို ဆန္ဒပြစဉ် ဗုံးပေါက်ကွဲပြီး နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ်ခမ်းမြို့ပေါ်မှာ ဒီကနေ့ ဇွန် ၂၈ ရက် နေ့လယ်ပိုင်းက ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)ကို အလိုမရှိကြောင်း ဆန္ဒပြနေတုန်း ဗုံး ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး လူနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
- 2021-06-28
-
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း နမ်ခမ်းမြို့ပေါ်မှာ ဒီကနေ့ ဇွန် ၂၈ ရက် နေ့လယ်ပိုင်းက ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)ကို အလိုမရှိကြောင်း ဆန္ဒပြနေတုန်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး လူနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီဗုံးကို ဆိုင်ကယ်တစ်စီးက လှမ်းပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နမ့်ခမ်းမြို့ခံ တစ်ဦးက ပြောပါတယ်။
"ဆန္ဒပြပွဲ ပြီးခါနီးမှာ ဆိုင်ကယ်တစ်စီးက ဗုံးနဲ့ပစ်တာ။ အဲဒီဗုံးက ဆန္ဒပြတဲ့လူတွေဆီကိုတော့ မရောက်ဘဲ ပေါက်ကွဲသွားတာ။ နောက်ကလိုက်လာတဲ့ ဆိုင်ကယ်ကို ထိပြီး ဆိုင်ကယ်ပေါ်က အရပ်သား နှစ်ဦးသေသွားတယ်”
သေဆုံးသွားသူ နှစ်ဦးဟာ အမျိုးသားတွေ ဖြစ်ပြီး သူတို့ဆီက သေနတ်တစ်လက်ကို တွေ့ရှိခဲ့တာကြောင့် သူတို့ဟာ သာမန်အရပ်သားတွေလား ဒါမှမဟုတ် ဗုံးဖောက်ခွဲသူတွေရဲ့ အပေါင်းအပါတွေလားဆိုတာ ခွဲခြားမသိနိုင်ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီး နောက်ထက် ၅ မိနစ်ခန့်အကြာ နမ့်ခမ်း မြို့လယ်ဘုရားရှေ့မှာ ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့တာကြောင့် ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးနှစ်ဦး ထပ်မံထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်အနီး နေထိုင်သူ အခြားအရပ်သားတစ်ဦးက RFA ကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရှိတဲ့ သူတွေကိုတော့ နမ့်ခမ်းမြို့ကုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သူက ပြောပါတယ်။
နမ့်ခမ်းမြို့နယ် မန်ဆွမ်းကျေးရွာက လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ စိုင်းစံအိုက်ခမ်းဟာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က နေအိမ်မှာရှိနေစဉ် SSPP အဖွဲ့က လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇွန် ၂၇ ရက်မှာတော့ သေဆုံးသွားတဲ့အကြောင်း မိသားစုဆီ အကြောင်းကြားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကို မကျေနပ်လို့ နမ့်ခမ်းဒေသခံတွေက SSPP ကို နမ့်ခမ်းဈေးရှေ့မှာ ဒီကနေ့ နေ့လယ် ၁ နာရီမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဒီဗုံးခွဲတိုက်ခိုက်မှုကို ဘယ်သူက ကျူးလွန်ခဲ့တာလဲဆိုတာနဲ့ ပတ်သက်လို့ စစ်တပ်နဲ့ ရဲကလည်းလိုက်လံ စုံစမ်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။