Mytel ကို အရေးယူဖို့ ဗြိတိန်နဲ့အီးယူကို Burma Campaign UK တောင်းဆို

ဗြိတိန်နဲ့ EU ဥရောပသမဂ္ဂတို့အနေနဲ့ အမေရိကန်လိုပဲ Mytel ကို ဒဏ်ခတ်အရေးယူဖို့ တောင်းဆိုလိုက်တာပါ။

၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် Telecom International Myanmar Co.,Ltd. (Mytel) ဆက်သွယ်ရေးကုမ္ပဏီ ဖွင့်ပွဲအခမ်းအနား မြင်ကွင်းတစ်ခု။ Photo: Myanmar Military

မြန်မာနိုင်ငံက ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Mytel ကို အမေရိကန်က ပိတ်ဆို့အရေးယူတဲ့အပေါ် ကြိုဆိုကြောင်း ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဗြိတိန်နဲ့ EU ဥရောပသမဂ္ဂတို့အနေနဲ့ အမေရိကန်လိုပဲ Mytel ကို ဒဏ်ခတ်အရေးယူဖို့လည်း ဒီအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

Mytel ဟာ မြန်မာစစ်ကောင်စီရဲ့ စီးပွားရေးအင်ပါယာသရဖူက ရတနာတစ်ပါးဖြစ်ပြီး ကုမ္ပဏီကို ဒဏ်ခတ်အရေးယူဖို့အချိန်က နောက်ကျနေပြီလို့ Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ဗီယက်နမ်တယ်လီကွန်းကုမ္ပဏီ Viettel တို့ကြား ဖက်စပ်လုပ်ကိုင်နေတဲ့ Mytel ကုမ္ပဏီကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်က ဇန်နဝါရီ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

Viettel ကို ဗီယက်နမ်စစ်တပ်က ပိုင်ဆိုင်ပြီး မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတာကြောင့် Burma Campaign UK က နာမည်ပျက်စာရင်းမှာ ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ Mytel ကုမ္ပဏီဟာ မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီရာရောက်နေတယ်လို့ Justice For Myanmar အဖွဲ့က ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org