မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုကြောင့် ဆက်ဆံရေးမထိခိုက်ဟု တရုတ်သံအမတ်ပြော
မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းခဲ့တာနဲ့ ပတ်သက်လို့ တရုတ်ကုမ္ပဏီဘက်က ဥပဒေကြောင်းအရ ဖြေရှင်းရဖို့ ဖြစ်လာခဲ့ကြောင်းနဲ့ ဒီပြဿနာကို နှစ်နိုင်ငံ အပြန်အလှန် လေးစားမှုနဲ့ အကျိုးစီးပွားတွေကို ထောက်ပြီး ဖြေရှင်းသွားဖို့ နှစ်နိုင်ငံစလုံးမှာ ဆန္ဒရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
-
2011-10-22 -
-
-
ပြည်သူအများက ကန့်ကွက် ဝေဖန်လာတဲ့အတွက် မြန်မာအစိုးရက မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းခဲ့အပြီး တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတဲ့အပေါ် တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက မေးမြန်းရာမှာ တရုတ်သံအမတ်ကြီး လီကျန်းဝှာ (Li Junhua) က အခုလို ဖြေကြားလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မိမိနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အတိတ်မှာပဲ ဖြစ်ဖြစ် အနာဂတ်ကာလမှာပဲ ဖြစ်ဖြစ် ကိုယ့်လမ်းကိုယ် ရွေးချယ်လုပ်ကိုင် ဆောင်ရွက်တာကို တရုတ်နိုင်ငံက အမြဲ နားလည်ထောက်ခံ အားပေးကြောင်းလည်း Mr. Li Junhua က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကို ထိန်းသိမ်းရာမှာပဲ ဖြစ်စေ၊ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ဖြစ်စေ၊ မြန်မာပြည်သူတွေ ဘဝ တိုးတက်ရေးအတွက် ဆောင်ရွက်တာပဲဖြစ်စေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး ဆောင်ရွက်တာပဲ ဖြစ်စေ၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အမြဲ ထောက်ခံအားပေးသွားမှာ ဖြစ်ပါတယ်လို့လည်း တရုတ်သံအမတ်ကြီးက စာနဲ့ရေးသား ဖြေကြားခဲ့တယ်လို့ တရုတ်အစိုးရ သတင်းဌာနက ဖော်ပြထားပါတယ်။