မြင်းမူမှာ ရွာငါးရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရ

မြင်းမူမြို့နယ်ထဲကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ခဲ့တာကြောင့် ရွာငါးရွာက ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်။ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲကို အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းစပြီး ဝင်ရောက်ခဲ့တာကြောင့် ရွာငါးရွာက ဒေသခံ ငါးထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းမူမြို့အရှေ့ခြမ်းက ပဲကူ၊ ငါးကင်း၊ ကန်တော်၊ ပဒတ္တိုင်းနဲ့ ညောင်ပင်ကန်ရွာက ဒေသခံတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီကောင်တွေဝင်လာပြီဆိုရင် သာမန်ပြည်သူ ဘာကိုမှမကြည့်ဘဲ အကုန်ပစ်၊ အကုန်ဗုံးကြဲ လုပ်နေတာဗျာ။ အဲဒီတော့ ဒီပတ်ချာလည် သူတို့ရွာကိုမရောက်သေး ပေမယ့် အကုန်ပြေးရတာ”

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာလည်း စိုင်မြစ်နဲ့ ကန်ဆွယ်ရွာခံတွေပါ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ပဲကူနဲ့ ငါးကင်းရွာဟာ အိမ်ထောင်စု တစ်ထောင်ကျော်စီရှိပြီး ကန်တော်၊ ပဒတ္တိုင်းနဲ့ ညောင်ပင်ကန်ရွာတွေက အိမ်ထောင်စု ခြောက်ရာကျော်စီရှိပါတယ်။

မြင်းမူဒေသခံတွေ ထွက်ပြေးနေရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာ ဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မြင်းမူနဲ့ထိစပ်နေတဲ့ အရာတော်မြို့နယ် မင်းရွာ၊ မလဲသာနဲ့ ကန်ရင်းရွာတွေကိုလည်း ဖေဖော်ဝါရီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အဲဒီရွာသုံးရွာအပါအဝင် ရွာပေါင်း ခြောက်ရွာက ဒေသခံ တစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေ ကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org