မြိတ်က နိုင်ငံရေးဆွေးနွေးပွဲ ခွင့်ပြုချက်မရ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ဦးဆောင်ပြီး ကျင်းပတဲ့ အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ခွင့်မပြုဘူးလို့ သိရပါတယ်။
-
2018-11-17 -
-
-
အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြို) ကို ၂၀၁၈၊ နိုဝင်ဘာ ၁၈ ရက်နေ့က မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာရှိ ဓမ္မိကာရာမ ကျောင်းတိုက်မှာ ကျင်းပစဉ်
ဓါတ်ပုံ - မိုးသူအောင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ဦးဆောင်ပြီး ကျင်းပတဲ့ အကြောင်းအရာ အလိုက် နိုင်ငံရေးဆွေးနွေးပွဲကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ခွင့်မပြုဘူးလို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲ ကျင်းပခွင့်လျှောက်ထားတာကို ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက မြိတ်မြို့က ပုလဲရတနာ ခန်းမမှာ ကျင်းပခွင့်ပြုထားပြီးဖြစ်ပေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ခွင့်မပြုလို့ဆိုပြီး မနေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက စာပြန်ထုတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အရပ်ဘက်အဖွဲ့တွေကတော့ မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာရှိ ဓမ္မိကာရာမ ကျောင်းတိုက်မှာ ဒီနေ့စတင် ကျင်းပနေပါတယ်။
မူလက စီစဉ်ထားတဲ့အတိုင်း နိုဝင်ဘာ ၂၀ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။