မြဝတီမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်
မြဝတီမြို့နယ်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ အမြောက်တွေ အထိုင်ချတပ်ဆင်ထားတဲ့ စွယ်တော်ကုန်းတောင်ခြေနဲ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
-
RFA Burmese
2024-04-26 -
-
-
[Update: 7: 08 PM, April 26, 2024]
ကရင်ပြည်နယ် မြဝတီမြို့နယ်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ အမြောက်တွေ အထိုင်ချတပ်ဆင်ထားတဲ့ စွယ်တော်ကုန်းတောင်ခြေနဲ့ အနီးတစ်ဝိုက်ကို ဧပြီလ ၂၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ခတ်တောင်၊ စွယ်တော်ကုန်းဝန်းကျင်နဲ့ လေးကေ့ကော်မြို့သစ်အနီးတစ်ဝိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မြဝတီမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ည ဆယ်နာရီခွဲလောက်မှာ Y-12 နဲ့ပတ်တယ်။ ကျတာက နေရာစုံပဲ။ လေးကေ့ကော်၊ စွယ်တော်ကုန်း၊ လက်ခတ်တောင် အဲဒီသုံးနေရာကို အဓိက ချတယ်။ အနည်းဆုံး ငါးခေါက် ခြောက်ခေါက်လောက် ဝဲတယ်။ ဝဲပြီးတော့ တစ်ခါချရင် အနည်းဆုံး ခုနစ်လုံး၊ ရှစ်လုံးလောက် ချတယ်။ တချို့နေရာတွေဆိုရင် ဆယ့်နှစ်လုံးလောက် ဆက်တိုက်ချသွားတယ်။ Y-12 ပေါ်ကနေ ဗုံးသီးတွေ ပစ်ချတာပေါ့။ ပုံမှန် မော်တာတွေနဲ့ပစ်မယ်ဆို ဒီလောက်မမြန်ဘူးလေ”
စစ်ကောင်စီတပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်သံတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကလည်း ကြားနေရတယ်လို့ မဲဆောက်ရောက် မြန်မာဒေသခံတချို့ ပြောပါတယ်။ စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေပေမယ့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်း ရှိ မရှိကိုတော့ မသိရသေးပါဘူး။
နောက်ထပ် မြဝတီဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ စွယ်တော်ကုန်းဝန်းကျင်မှာ KNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် အဲဒီနေရာတွေကို ဗုံးကြဲတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စွယ်တော်ကုန်းနေရာဟာ စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ အမြှောက်ကုန်းနေရာတစ်ခုဖြစ်ပြီး မြဝတီမြို့ အမှတ် (၂) တံတားက စစ်ကောင်စီတပ်တွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်စဥ် လက်နက်ကြီး ပစ်ကူပေးတဲ့တဲ့တပ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
(မှတ်ချက် - မြဝတီဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)