ချင်းမိုင်မှာ မြန်မာတစ်ဦး ဗီဇာသက်တမ်းကျော်လို့ အဖမ်းခံရ

ချင်းမိုင်မြို့မှာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုနဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးက သတင်းထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားများအတွက် ဖွင့်လှစ်ထားသည့် CI Center တစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။ Hazel.com Bangkok Services Photo

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုနဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ဩဂုတ်လ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးက သတင်းထုတ်ပြန်ပါတယ်။

ချင်းမိုင်မြို့၊ Chang Phueak မြို့နယ်ကို သွားရောက်စစ်ဆေးရာ အသားဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တစ်ဦးဟာ ဗီဇာသက်တမ်း ၅၅၇ ရက် ကျော်လွန်နေတာကြောင့် ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ သူ့ကို ဗီဇာ သက်တမ်းကျော်လွန်ပြီး တရားမဝင်အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားအဖြစ် ချင်းမိုင်မြို့၊ Chang Phueak မြို့နယ်ရဲစခန်းမှာ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ထိုင်းဥပဒေအရ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ရင် တစ်ရက်ကို ဘတ် ၅၀၀ ကနေ အများဆုံး ဘတ် ၂၀၀၀၀ နှုန်း ငွေဒဏ်ချမှတ်ခံရမှာဖြစ်ပြီး၊ ရက် ၉၀ထက် ကျော်လွန်နေထိုင်ရင် ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့် တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ထက်ပိုပြီး ပိတ်ပင်ခံရမှာပါ။

ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူတွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ရှောင်တခင်ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်ကို ဇွန်လ ၅ရက်နေ့က စတင်လုပ်ဆောင်နေတာပါ။ ဩဂုတ်လ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၇၁ ရက်အတွင်းမှာပဲ မြန်မာနိုင်ငံသား ၁၄၄၂၆၁ ဦး (တစ်သိန်းလေးသောင်းကျော်) ဖမ်းဆီးခံထားရတယ်လို့ ရွှေ့ပြောင်းမြန်မာလုပ်သားအရေးကူညီစောင်ရွက်နေသူတွေရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org