ကုလကိုယ်စားလှယ် သြစတြေးလျမှာ မြန်မာ့အရေး ဆွေးနွေးမည်
ဒီခရီးစဉ်မှာ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်ရေးအတွက် သြစတြေးလျအစိုးရအနေနဲ့ ရပ်တည်ပေးနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။
-
RFA Burmese
2024-09-30 -
-
-
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews) ဩစတြေးလျနိုင်ငံကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁ဝ ရက်နေ့အထိ တရားဝင်ခရီးသွားရောက်ပြီး မြန်မာ့အရေးဆွေးနွေးဖို့ ရှိပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက စက်တင်ဘာ ၃ဝ နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ဩစတြေးလျနိုင်ငံရဲ့ သဘောထားအပါအဝင် မြန်မာပြည်သူတွေရဲ့ လူ့အခွင့်ရေးအတွက် သြစတြေးလျအစိုးရအနေနဲ့ ရပ်တည်ပေးနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးမှာ ဖြစ်ပြီး သြစတြေးလျအစိုးရကိုယ်စားလှယ်တွေနဲ့ ကင်ဘာရာမှာ တွေ့ဆုံမယ်လို့လည်း ဆိုပါတယ်။
မစ္စတာ တွမ်အင်ဒရူးဟာ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့ကို သွားရောက်ပြီး ကျွမ်းကျင်သူတွေ၊ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို ကူညီနေတဲ့ လူသားချင်းစာနာရေးဆိုင်ရာနဲ့ ဒုက္ခသည်ရေးရာ အဖွဲ့အစည်းတွေ၊ မြန်မာနဲ့ အာဆီယံအရေးဆောင်ရွက်ပေးနေတဲ့ သြစတြေးလျ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် သြစတြေးလျနိုင်ငံကို ရွှေ့ပြောင်းအခြေချခဲ့ကြသူတွေ အပါအဝင် အဖွဲ့အစည်းတချို့နဲ့လည်း တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။