လက်နက်ကိုင်ဖြေရှင်းမှုတွေက လွတ်လပ်ပေမဲ့ မငြိမ်းချမ်းနိုင်ကြောင်း စစ်ခေါင်းဆောင် ပြော
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းပါက လွတ်လပ်ပေမဲ့ မငြိမ်းချမ်းတဲ့အခြေအနေကို ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။
-
RFA Burmese
2024-11-25 -
-
-
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းပါက လွတ်လပ်ပေမဲ့ မငြိမ်းချမ်းတဲ့အခြေအနေကို ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၅ ရက် ဒီနေ့ကျရောက်တဲ့ အမျိုးသားနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုပါတယ်။
ဒါ့အပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲမှုတို့အတွက်လည်း အန္တရာယ်ဖြစ်စေနိုင်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့ကြောင့် လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကိုလျော့ချပြီး တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာနိုင်တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် မြို့ပေါင်း ၈၀ ကျော်ကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို မကြာခဏ ဖိတ်ခေါ်နေပါတယ်။
တစ်ဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေကို လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်နေပါတယ်။
အတိုက်အခံအင်အားစုတွေ လက်ထဲကျရောက်သွားတဲ့ မြို့၊ ရွာတွေကို ပိုမိုတိုက်ခိုက်နေပြီး အမျိုးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူးက နိုဝင်ဘာ ၂၂ ရက်မှာ ပြောကြားထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လက်နက်ကိုင်နည်းလမ်းအပြင် တခြားရွေးချယ်စရာမရှိတဲ့ အခြေအနေရောက်လာပြီလို့ RFA ကို ပြောပါတယ်။
“ပြည်သူလူထုလက်တဲ လက်နက်တချို့တစ်ဝက် အာဏာတချို့တစ်ဝက်ရောက်လာမှ ငြိမ်းချမ်းရေး စကားလာပြောနေတယ်။ ပြည်သူလူထုပေါ်ဖိနှိပ်သတ်ဖြတ်နေသရွေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ငြိမ်းချမ်းရေး စကားပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါ ပြည်သူက ရွေးချယ်တာ မဟုတ်ဘူး။ စစ်တပ်ရဲ့ ရွေးချယ်မှုဖြစ်တယ်”
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကတော့ လက်ရှိတော်လှန်ရေးကို ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းသစ် စိုက်ထူရေးထိုးမယ်လို့ ဒီနေ့ကျရောက်တဲ့ အမျိုးသားနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းရေးသားထားပါတယ်။