တရုတ်စက်ရုံရဲ့ အလုပ်သမားအရေး တောင်းဆိုသူတွေကို နိုင်ငံရေးပုဒ်မနဲ့တရားစွဲဖို့ စီစဉ်နေ
တရုတ်နိုင်ငံသားပိုင် Hosheng Myanmar အထည်ချုပ်စက်ရုံရဲ့ အလုပ်သမားအရေး တောင်းဆိုသူတွေကို စစ်ကောင်စီဘက်က တရားစွဲဖို့ ပြင်ဆင်နေပါတယ်။
-
RFA Burmese
2023-06-27 -
-
-
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် Hosheng Myanmar အထည်ချုပ်စက်ရုံရဲ့ အလုပ်သမားခေါင်းဆောင်ငါးဦး၊ အလုပ်သမားအရေး ကူညီသူနှစ်ဦးနဲ့ သင်တန်းခန်းမ ငှားရမ်းသူတစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) တို့နဲ့ စစ်ကောင်စီဘက်က တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
တရားစွဲမယ့်အကြောင်း လှော်ကားရဲစခန်းကနေ ဇွန်လ ၂၆ ရက်နေ့မှာ သိခဲ့ရတာလို့ အလုပ်သမားတွေဘက်ကနေ ဥပဒေကြောင်းအရ ကူညီပေးနေတဲ့အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
အဲဒီအထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင်ခုနစ်ဦးကို စက်ရုံဆူပူအောင် သွေးထိုးလှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇွန်လ ၁၀ ရက်နေ့မှာ စက်ရုံဘက်က အလုပ်ထုတ်ခဲ့ပြီး ၁၆ ရက်နေ့မှာတော့ အလုပ်သမားခေါင်းဆောင် မအေးသန္တာဌေး၊ မသန္တာအေး၊ မမေသူမင်း၊ မသူသူစံနဲ့ ကိုအောင်အောင်တို့ ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးခံရသူငါးဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)၊ အလုပ်သမားအရေးကူညီသူ မသန္ဒာစိုးလင်း၊ မဖြိုးမြတ်မြတ်သင်းနဲ့ သင်တန်းခန်းမငှားရမ်းသူတို့ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့နဲ့ တရားစွဲမယ့်အကြောင်း ရဲစခန်းဘက်ကပြောလိုက်တာလို့ ကူညီပေးနေတဲ့အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေနဲ့ ပတ်သက်တဲ့အမှုတွေကို ရွှေပြည်သာမြို့နယ် လှော်ကားရဲစခန်းကနေ အမှုကိုင်ပေမယ့် အဲဒီရဲစခန်းမှာ အမျိုးသမီးအချုပ်မရှိတာကြောင့် ရွှေပြည်သာမြို့မရဲစခန်းမှာ ချုပ်ထားတယ်လို့လည်းဆိုပါတယ်။
အလုပ်သမားခေါင်းဆောင်တွေကို အလုပ်သမားဥပဒေနဲ့တရားမစွဲဘဲ နိုင်ငံရေးပုဒ်မတွေတပ်ပြီး စွဲဆိုမယ်ဆိုတာဟာ ဥပဒေမလိုက်နာတဲ့အလုပ်ရှင်တွေကို အားပေးအားမြောက်လုပ်နေတာလို့ အလုပ်သမားသမဂ္ဂအဖွဲ့ ခေါင်းဆောင်တစ်ဦးက RFA ကိုပြောပါတယ်။
" အလုပ်သမားတွေ တောင်းဆိုတာ လုပ်ငန်းခွင်ထဲက သူတို့နစ်နာနေတဲ့ အကြောင်းအရာတွေ တောင်းဆိုတာလေ၊ အဲဒီအလုပ်သမားတွေကို နိုင်ငံရေးပုဒ်မနဲ့ တပ်မယ်လို့ ပြောလိုက်တာက မေးခွန်းထုတ်စရာပဲ၊ လုပ်ငန်းခွင်ထဲမှာ နစ်နာမှုတွေ တောင်းဆိုတာကို အလုပ်သမားတွေ မတောင်းဆိုကြနဲ့လို့ ပြောချင်တာလား၊ လုပ်အား ခေါင်းပုံဖြတ်ပြီး ဥပဒေမလိုက်နာတဲ့ အလုပ်ရှင်တွေကို အားပေးအားမြောက် လုပ်ချင်တာလား"
တရားစွဲမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး Hosheng Myanmar အထည်ချုပ်စက်ရုံနဲ့ လှော်ကားရဲစခန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် Sun Apparel (Myanmar) အထည်ချုပ်စက်ရုံမှာ လုပ်အားခတိုးပေးဖို့နဲ့ အလုပ်သမား အခွင့်အရေးတွေ ဦးဆောင်တောင်းဆိုတဲ့ အလုပ်သမား ခေါင်းဆောင်နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုရဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီ ၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း အဖမ်းခံထားရတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ သုံးရာကျော်ရှိနေပါတယ်။