တစ်လကို မြန်မာလေးသောင်းလောက် ပြည်ပထွက်နေတယ်လို့ IOM အစီရင်ခံစာမှာ ဖော်ပြ
မြန်မာနိုင်ငံသား အမြောက်အမြား ပြည်ပကို နည်းအမျိုးမျိုးနဲ့ ထွက်ဖို့ကြိုးစားနေကြတဲ့အတွက် လူကုန်ကူးမှုနဲ့ ဒုက္ခသည်စခန်းတွေက ပြည်သူတွေကို ပြည်ပမှာ အလုပ်လုပ်ဖို့ လာရောက်ခေါ်ဆောင်တာလို လုပ်ရပ်တွေလည်း ဖြစ်နိုင်ခြေမြင့်မားနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
-
RFA Burmese
2022-12-28 -
-
-
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေနဲ့ စီးပွားရေးအဆင်မပြေမှုတွေကြောင့် တစ်လကို မြန်မာနိုင်ငံသား လေးသောင်းလောက် ပြည်ပကို နည်းအမျိုးမျိုးနဲ့ ထွက်ခွာနေကြတယ်လို့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM က ခန့်မှန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုတွေနဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ဖြစ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံအတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရပြီး စစ်ဘေးဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်မှု၊ ပြည်ပနိုင်ငံတွေကို ထွက်ခွာမှုအနေနဲ့ပါ မြင့်တက်နေတယ်လို့ ဒီဇင်ဘာလ ၂၈ရက်နေ့က ထုတ်ပြန်တဲ့ IOM ရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်းမှာ လုံခြုံမှုမရှိတော့တာ စီးပွားရေးကျဆင်းနေတာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်တွေ ပျောက်ဆုံးသွားတာ စတဲ့ အကြောင်းပြချက် အမျိုးမျိုးကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလောက်ကစပြီး လစဉ် မြန်မာနိုင်ငံသားလေးသောင်းလောက် ပြည်ပကို ထွက်ခွာနေကြပြီး၊ အများစုဟာ ထိုင်းနိုင်ငံကို သွားကြတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခုအချိန်မှာ မြန်မာနိုင်ငံသား အမြောက်အမြား ပြည်ပကို နည်းအမျိုးမျိုးနဲ့ ထွက်ဖို့ကြိုးစားနေကြတဲ့အတွက် လူကုန်ကူးမှု၊ အမြတ်ထုတ်မှုနဲ့ ဒုက္ခသည်စခန်းတွေက ပြည်သူတွေကို ပြည်ပမှာ အလုပ်လုပ်ဖို့ လာရောက် ခေါ်ဆောင်တာလိုမျိုး လုပ်ရပ်တွေလည်း ဖြစ်နိုင်ခြေ အလွန်မြင့်မားနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်မှာ ပဋိပက္ခတိုက်ခိုက်မှုတွေကြောင့် ရွှေ့ပြောင်းသွားလာမှုတွေ ပိုများလာမယ်လို့ မျှော်လင့်ရပြီး၊ ဒုက္ခရောက်နေသူတွေကို အကူအညီပေးနေတဲ့ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေအပေါ် ပိုပြီး တင်းကျပ်လာနိုင်တယ်လို့ IOM က ခန့်မှန်းထားပါတယ်။