မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဖို့ လမ်းဖွင့်ထားကြောင်း အိန္ဒိယပြော
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကို အချိန်မနှောင်းခင် နောက်ကြောင်းပြန်လှည့်ဖို့ တိုက်တွန်းပြီး အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို အဘက်ဘက်က ကူညီဖို့ အသင့်ရှိတယ်လို့လည်း ဆိုပါတယ်။
-
RFA Burmese
2024-06-27 -
-
-
မြန်မာ့အရေးကို ဖြေရှင်းရာမှာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ လမ်းဖွင့်ထားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဇွန်လ ၂၆ ရက်နေ့က လက်ခံတွေ့ဆုံချိန် ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကို အချိန်မနှောင်းခင် နောက်ကြောင်းပြန်လှည့်ဖို့ တိုက်တွန်းပြီး အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို အဘက်ဘက်က ကူညီဖို့ အသင့်ရှိတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံက မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေ နှစ်နိုင်ငံနယ်စပ်မှာ ဆက်လက်မြင့်တက်လာတဲ့ အကျိုးဆက်ကို စိုးရိမ်မှုအပေါ် ဆွေးနွေးခဲ့ကြတယ်လို့လည်း ဂျိုင်ရှန်ကာက သူ့ ရဲ့အိတ်ခ်စ် (X) စာမျက်နှာမှာ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာလည်း နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ တရားမဝင်မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုမှုတွေနဲ့ လူကုန်ကူးမှုတွေတိုက်ဖျက်ရေး ကဏ္ဍမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးခဲ့တယ်လို့ ဇွန်လ ၂၈ ရက် ဒီနေ့ ဖော်ပြပါတယ်။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟာ အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေဒီစီ) ရဲ့ ၁၉ ကြိမ် မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ခဲ့ပြီးနောက် ဒုတိယခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။