ထိုင်းသံရုံးက ပိတ်ရက်မရှိ CI ထုတ်ပေးမည်
ထိုင်းနိုင်ငံမှာ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ် CI မလုပ်ရသေးတဲ့ မြန်မာအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီလကုန်အထိ ပိတ်ရက်မရှိ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
-
2018-06-19 -
-
-
ထိုင်းနိုင်ငံမှာ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ် CI မလုပ်ရသေးတဲ့ မြန်မာအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီလကုန်အထိ ပိတ်ရက်မရှိ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံရဲ့ ဖြေလျော့ကာလဟာ ဒီလကုန်မှာ ပြီးဆုံးမှာဖြစ်တာကြောင့် CI မလုပ်ဖြစ်တာ မရှိအောင် ဆောင်ရွက်ပေးထားတာဖြစ်တယ်လို့ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး က ပြောပါတယ်။
"လုပ်ဖို့ရက်က အဲဒီရက်ပဲကျန်တော့တာ။ လကုန်ရင် ကိစ္စက ပြတ်ပြီဆိုတော့လေ။ လကုန်ရင် ထိုင်းနိုင်ငံဥပဒေအရ နိုင်ငံသားလုပ်ငန်းစဉ် လုပ်လို့က မရတော့ဘူးဆိုတော့ ဒီကြားထဲမှာ အလုပ်သမားတွေ အကုန်လုံး မမှီတာတို့၊ မပြီးတာတို့၊ မလုပ်လိုက်ရတာတို့ ဖြစ်မှာစိုးလို့လေ။ ရုံးပိတ်ရက်ခံနေလို့၊ ရုံးပိတ်ရက်နဲ့ အလုပ်ပိတ်ရက် မတိုက်ဆိုင်ဘူး။ သွားလုပ်ဖို့အတွက် ခွင့်မရလို့ အဲလိုတွေ ဖြစ်နေမှာစိုးလို့လေ။ ၂၄ နာရီ ပိတ်ရက်မရှိကို ဖွင့်ပေးထားတာပေါ့လေနော်"
ရုံးပိတ်ရက်မရှိ ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကစပြီး လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီလပိုင်းအတွင်းမှာလည်း CI လာလုပ်တဲ့ အလုပ်သမားတွေများလာတယ်လို့ ဦးစန်းမောင်ဦးက ပြောပါတယ်။
မြန်မာအလုပ်သမားတွေ CI ထုတ်ယူနိုင်ဖို့အတွက် သံရုံးအပြင်၊ မိုဘိုင်းစနစ်တွေ ၊ Seven Eleven စတိုးဆိုင်တွေမှာပါ လုပ်ဆောင်နိုင်ရန် စီစဉ်ပေးထားတာဖြစ်ပါတယ်။ CI ထုတ်ပေးတဲ့လုပ်ငန်းစဉ်ကို ၂၀၁၇ ခုနှစ်ကနေစတင်ကာ လုပ်ပေးနေတာဖြစ်ပြီး အခုချိန်အထိ အလုပ်သမား ၁၁ သိန်းကို ထုတ်ပေးပြီးပြီဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံအစိုးရက ထိုင်းမှာ ရောက်ရှိနေတဲ့ ပြည်ပနိုင်ငံသားအလုပ်သမားတွေကို CI လုပ်ဖို့အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ၊ ၂၀၁၈ ခုနှစ် မတ်လတွေမှာ ဖြေလျော့ကာလအဖြစ် သတ်မှတ်ပေးထားတာဖြစ်ပြီး ဒီလကုန်ရင် ဖြေလျော့ကာလ ပြီးဆုံးတော့မှာဖြစ်ပါတယ်။
ဖြေလျော့ကာလပြီးဆုံးသွားရင်တော့ တရားမဝင် အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကို ထိုင်းနိုင်ငံဥပဒေအရ အရေးယူတာတွေ ဆောင်ရွက်တော့မှာဖြစ်ပါတယ်။