မြန်မာအိမ်ဖေါ် ပထမ အသုတ် ဟောင်ကောင် ရောက်ရှိ

နိုင်ငံရပ်ခြားမှာ အိမ်ဖေါ်အလုပ် တရားဝင် လုပ်ကိုင်ဖို့အတွက် မြန်မာအမျိုးသမီး အိမ်ဖေါ် ၁၉ ဦး၊ ပထမအသုတ်အဖြစ် တနင်္လာနေ့က ဟောင်ကောင်ကို ရောက်ရှိလာခဲ့ကြပါတယ်။

နှိပ်စက်ညှင်းပန်းခံရတဲ့ အင်ဒိုနီးရှား အိမ်ဖေါ်အရေး ဟောင်ကောင်မှာ ဆန္ဒပြနေကြစဉ် photo: Internet

နိုင်ငံရပ်ခြားမှာ အိမ်ဖေါ်အလုပ် တရားဝင်လုပ်ကိုင်ဖို့ အတွက် မြန်မာအမျိုးသမီး အိမ်ဖေါ် ၁၉ ဦး၊  ပထမ အသုတ်အဖြစ် တနင်္လာနေ့က ဟောင်ကောင် ကို ရောက်ရှိလာခဲ့ကြပါတယ်။

လာမယ့် သုံးလအတွင်း ဟောင်ကောင်ကို မြန်မာ အိမ်ဖေါ် နှစ်ရာလောက် လာရောက်ကြမှာဖြစ်ပြီး၊ အခု ရောက်ရှိလာတဲ့ ၁၉ ယောက်က ရှေ့ပြေး အသုတ်ဖြစ်ပါတယ်။

သူတို့ဟောင်ကောင်လေဆိပ်ကို ရောက်ရှိလာချိန်မှာ Hong Kong Helpers Campaign ခေါ် အိမ်ဖေါ်များ ကူညီရေး တက်ကြွလှုပ်ရှားသူတွေက မြန်မာဘာသာ နဲ့ ရေးသားထားတဲ့ ဆောင်ရန် ရှောင်ရန် အကြံပေး လွှာတွေကို ဝေငှခဲ့ကြပါတယ်။

တက်ကြွလှုပ်ရှားသူတစ်ဦးက အရှေ့တောင်အာရှဒေသတွင်းမှာ မြန်မာအမျိုးသမီးတွေဟာ အနှိပ်စက်၊ အနိုင်ကျင့်အခံရဆုံး အိမ်ဖေါ်တွေ ဖြစ်သွားနိုင်ပါတယ်၊ သူတို့ဟာ ကန်တုံ တရုတ်စကားနဲ့ အင်္ဂလိပ်ဘာသာစကား အားနည်းကြတယ်၊ ကွန်ပြူတာ အင်တာနက်လည်း ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ကြဘူးလို့ ပြောဆိုပါတယ်။

လာမယ့်နှစ်မှာ ဟောင်ကောင်ကိုလာမယ့် မြန်မာအိမ်ဖေါ်တွေ တစ်ထောင်နဲ့ နှစ်ထောင်ကြားရှိမယ် လို့ ဟောင်ကောင် Golden Mine အိမ်ဖေါ်ကုမ္ပဏီက ပြောပါတယ်။

အိမ်ဖေါ်တွေ အလွန်အမင်းလိုအပ်နေတဲ့ ဟောင်ကောင်မှာ လက်ရှိ နိုင်ငံခြားသူ အိမ်ဖေါ်ပေါင်း သုံးသိန်းလောက်ရှိနေပြီး၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံသူတွေက အများစုဖြစ်ပါတယ်။

ဟောင်ကောင်မှာ အိမ်ဖေါ်တစ်ယောက်ရဲ့ အနည်းဆုံး လုပ်ခလစာကို အမေရိကန်ဒေါ်လာ ၅၁၇ ဒေါ်လာနဲ့ညီတဲ့ ဟောင်ကောင်ဒေါ်လာ လေးထောင့်တစ်ဆယ် သတ်မှတ်ထားပြီး၊ နေစရာ စားစရာ အခမဲ့နဲ့ နားရက်တွေပေးဖို့ ဥပဒေပြဌာန်းထားပါတယ်။ ဒါပေမဲ့ မကြာခင်က အင်ဒိုနိးရှား အိမ်ဖေါ်တစ်ယောက်ကို အိမ်ရှင်က ရိုက်နှက်နှိပ်စက်ခဲ့တဲ့အတွက် ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ဆေးဝါးကုသခဲ့ရပါတယ်။ ဒီကိစ္စကြောင့် ဟောင်ကောင်က ရာနဲ့ချီတဲ့အိမ်ဖေါ်တွေ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org