မြန်မာနိုင်ငံကထွက်တဲ့ သတ္တုရိုင်းတွေ တရုတ်နိုင်ငံကို ပြန်လည်တင်ပို့
သတ္ထုတူးဖော်ရေးလုပ်ငန်းတချို့က ဒီဇင်ဘာ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကထွက်တဲ့ သတ္တုရိုင်းတင်သွင်းမှု ပုံမှန်အတိုင်းပြန်လုပ်နေကြောင်း ထုတ်ပြန်ထားတာပါ။
-
RFA Burmese
2024-12-30 -
-
-
မြန်မာနိုင်ငံကထွက်ရှိတဲ့ သတ္တုရိုင်းတွေ တရုတ်နိုင်ငံကို ပြန်လည်တင်သွင်းနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ရှန်ဟိုင်းသတ္တုဈေးကွက် (SMM) က ဒီဇင်ဘာ ၃ဝ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သတ္ထုတူးဖော်ရေးလုပ်ငန်းတချို့က ဒီဇင်ဘာ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကထွက်တဲ့ သတ္တုရိုင်းတင်သွင်းမှု ပုံမှန်အတိုင်းပြန်လုပ်နေကြောင်း ထုတ်ပြန်တာလို့ SMM က ပြောထားပါတယ်။
SMM က ကောက်ယူထားတဲ့ အချက်အလက်အရ သတ္တုသန့်စင်တဲ့လုပ်ငန်းတချို့ လာမဲ့ဇန်နဝါရီလထဲမှာ လုပ်ငန်းပြုပြင်ထိန်းသိမ်းဖို့အတွက် ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဈေးကွက်အတွင်း သတ္တုရိုင်း ဝယ်လိုအားကျဆင်းနိုင်တယ်လို့ SMM က ပြောထားပါတယ်။
မြန်မာ-တရုတ်နယ်စပ်ဒေသတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာ နယ်စပ်ဂိတ်တွေ ပိတ်ထားတာကြောင့် တရုတ်နိုင်ငံကို မြေရှားသတ္တုအပါအဝင် သတ္တုရိုင်းတင်ပို့မှုတွေ ရပ်တန့်နေတာဖြစ်ပါတယ်။
KIA နဲ့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) တို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက်မှာတော့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လအတွင်း မြန်မာကနေ တရုတ်ကို တင်ပို့တဲ့ မြေရှားသတ္တုတန်ချိန် ၃၁,ဝဝဝ ခန့် (၃၀၉၃၄ တန်) တင်ပို့ခဲ့ပြီး ဒါဟာ အမေရိကန်ဒေါ်လာ သန်းရှစ်ရာကျော် တန်ဖိုးရှိတယ်လို့ တရုတ်အကောက်ခွန်ဌာန (China Custom) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။