မြန်မာမှာ သောင်တင်နေတဲ့ ဘင်္ဂလားဒေ့ရှ် ၈၅ ယောက်ကို ပြန်ပို့

မြန်မာနိုင်ငံမှာ ‌သောင်တင်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၅ ယောက်အဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းကနေ ထွက်ခွာလာပြီလို့ ဒါကာသတင်းတစ်ပုဒ်က ဖော်ပြပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စောင့်ကြပ်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ AFP

မြန်မာနိုင်ငံမှာ ‌သောင်တင်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၅ ယောက်အဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းကနေ ထွက်ခွာလာပြီလို့ ဒါကာသတင်းတစ်ပုဒ်က စက်တင်ဘာ ၂၈ ရက်နေ့မှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို တင်ဆောင်လာတဲ့ မြန်မာရေတပ်သင်္ဘောဟာ ကော့ဇက်ဘဇားကို စက်တင်ဘာ ၂၉ ရက် အစောပိုင်းမှာ ရောက်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သတင်းက ဆိုပါတယ်။

အပြန်မှာ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီ တပ်သားတွေကို ပြန်ခေါ်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီ ၈၅ ယောက်ထဲမှာ မြန်မာနိုင်ငံက အကျဥ်းထောင်တွေမှာ ထိန်းသိမ်းခံထားရသူတွေ ပါဝင်ပြီး မော်လမြိုင် ထောင်က ၂၆ ‌ယောက်၊ ပုသိမ်ထောင်က ၁၆ ယောက်နဲ့ ကျိုက်မရောထောင်က သုံးယောက်တို့ ဖြစ်ကြပါတယ်။ ကျန်တဲ့သူတွေကတော့ ရခိုင်ပြည်နယ်ကနေ ပြန်ပို့ခံရတဲ့သူတွေဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။

ဒါဟာ ရန်ကုန်မြို့က ဘင်္ဂလားဒေ့ရှ်သံရုံးနဲ့ စစ်တွေမြို့က ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်တို့ရဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းမှုရဲ့ ရလဒ်လို့လည်း ဆိုပါတယ်။

ဒီလိုကြိုးပမ်းမှုတွေကြောင့် ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၃၂ ယောက်ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီးပြီလို့လည်း ရေးသားထားပါတယ်။ ဒီနှစ် ဇွန်လ ၈ ရက်မှာ ဘင်္ဂလားဒေ့ရှ် ၄၅ ယောက်ကို နေရပ်တစ်ကြိမ် ပြန်ပို့ခဲ့ပြီးလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org