မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် AA ထိန်းချုပ်ပြီးနောက် ဒေသခံတွေကို နေရပ်ပြန်ခွင့်ပြု

AA က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် ဇန်နဝါရီ ၁ ရက်ကစလို့ ဒေသခံတွေကို နေအိမ်တွေမှာ ပြန်နေထိုင်ခွင့်ပြုထားပြီလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသည့် ရိုဟင်ဂျာဒုက္ခသည်များအား တွေ့ရစဉ်။ Humanitarian and Development Coordination Office - HDCO

အာရက္ခတပ်တော် (AA) က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် ဇန်နဝါရီလ ၁ ရက် မနေ့ကစလို့ ဒေသခံတွေကို သူတို့ရဲ့ နေအိမ်တွေမှာ ပြန်လည်နေထိုင်ခွင့်ပြုထားပြီလို့ မောင်တောမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေက ဇန်နဝါရီလ ၂ ရက်နေ့မှာ ပြောပါတယ်။

မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်က သောင်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာဖြစ်ပြီး အခုတော့ သူတို့ရဲ့ မူလနေရပ်တွေကို ပြန်လာကြဖို့ ပြင်ဆင်နေကြတယ်လို့လည်း ဆိုပါတယ်။

မောင်တောမြို့နယ်မှာ AA ပြန်လည်နေရာချထားရေးအတွက် ပြင်ဆင်နေတာဖြစ်ပြီး အသေးစိတ်ကို မသိရသေးဘူးလို့ မောင်တောဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဇန်နဝါရီ ပထမပတ်က စပြီး ပြန်လည်နေရာချထားရေး လုပ်ပေးမယ်လို့တော့ AA က ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ် ကျွန်တော်တို့ မသိရသေးပါဘူး”

အခုလိုပြန်လည်နေထိုင်နိုင်ဖို့အတွက် AA အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထောက်ခံစာတွေတော့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးကျန်နေတဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ဒီဇင်ဘာလ ၈ ရက်နေ့မှာ AA က သိမ်းပိုက်လိုက်ပြီးနောက် မောင်တောတိုက်ပွဲ ပြီးဆုံးခဲ့ပြီး AA က မြို့ကို ရှင်းလင်းရေးတွေ လုပ်နေတာပါ။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

နေရပ်မှာ ပြန်လည်နေထိုင်လိုပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်နဲ့ တိုက်ပွဲလက်ကျန် မြေမြှုပ်မိုင်းအန္တရာယ် ကိုတော့ စိုးရိမ်နေရဆဲပဲလို့ နောက်ထပ် မောင်တောမြိုခံတစ်ဦးက ပြောပါတယ်။

“မြို့ထဲမှာက အပျက်အစီးလည်းများခဲ့တယ်။ အခုတော့ AA ကတော့ စိစစ်ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်နေရမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ လေကြောင်းက ဗုံးကြဲမှာလား၊ မိုင်းတွေ ကျန်နေသေးလားဆိုတာ စိုးရိမ်ပါတယ်။ မကြာခင် ပြန်နေရမှာပါ”

ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်နေတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေမှာလည်း စစ်ကောင်စီက မြို့ပေါ်နဲ့ အနီးဝန်းကျင်လောက်ကိုသာ ထိန်းချုပ်ထားနိုင်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org