သတင်းမီဒီယာဖိနှိပ်ခံရမှုနဲ့ သတင်းအမှားဖြန့်ဝေမှုတွေ ကြီးကြပ်ပေးဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်း တောင်းဆို

စစ်ကောင်စီက သတင်းအမှား ဖြန့်ဝေနေတာတွေ အဆုံးသတ်နိုင်ဖို့အတွက် ရန်ကုန်အခြေစိုက် ကုလသတင်းအချက်အလက်စင်တာ (UNIC) က ကြီးကြပ်ပေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုပါတယ်။

ကုလ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် စက်တင်ဘာ ၃၀ ရက်က မိန့်ခွန်းပြောကြားစဉ်။ Photo: The United Nations

စစ်ကောင်စီရဲ့ မီဒီယာဖိနှိပ်မှုတွေကို ဖော်ထုတ်ရေးနဲ့ သူတို့ရဲ့ သတင်းအမှား ဖြန့်ဝေတာတွေကို အဆုံးသတ်နိုင်ဖို့အတွက် ရန်ကုန်အခြေစိုက် ကုလသတင်းအချက်အလက်စင်တာ (UNIC) က ကြီးကြပ်ပေးဖို့ အောက်တိုဘာ ၂၀ ရက်နေ့မှာ ပြုလုပ်တဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၊ စတုတ္ထကော်မတီက သတင်းအချက်အလက်နဲ့ ပြန်ကြားရေးဆိုင်ရာ ဆွေးနွေးမှု ဘာသာရပ်အစီအစဉ်( ၅၀) မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ထည့်သွင်းတောင်းဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရပ်တန့်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ မီဒီယာကဏ္ဍပြန်လည်ရရှိဖို့အတွက် နိုင်ငံတကာက ကူညီပေးကြဖို့လိုတယ်လို့ ဦးကျော်မိုးထွန်းက ညီလာခံမှာ ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ပြည်တွင်း၊ ပြည်ပ မီဒီယာတစ်ချို့ဟာ သတင်းမှားတွေကို ဖော်ပြပြီး တိုင်းပြည်ကို ထိခိုက်နစ်နာအောင် လုပ်ဆောင်နေတယ်လို့ မကြာခဏဆိုသလို စွပ်စွဲပြောဆိုမှုတွေလည်း ရှိပါတယ်။

RFA က မှတ်တမ်းတင်ထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သတင်းသမား ၁၄၂ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီအထဲမှာ ထောင်ဒဏ်ချမှတ်ခံထားရသူ ၃၆ ဦး၊ ပုဒ်မအမျိုးမျိုးနဲ့ တရားရင်ဆိုင်နေရသူ ၉၅ ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူအရေအတွက်က ၁၁ ဦး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org