ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် လူပေါင်းသုံးရာကျော် အမည်စာရင်းတင်သွင်းခံထားရ

အဲဒီထဲမှာ မြန်မာနိုင်ငံက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့လည်း တင်သွင်းခံထားရပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ၂ဝ၂၂ ခုနှစ် စက်တင်ဘာလက တောင်းဆိုဆန္ဒကြနေကြသည့် မြန်မာပြည်ဖွားများ။ RFA

၂ဝ၂၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၃ဝ၅ ဦး ရှိတယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့လည်း တင်သွင်းခံထားရပါတယ်။

သူတို့ကို နော်ဝေနိုင်ငံအခြေစိုက် ငြိမ်းချမ်းရေးသုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Peace Research Institute Oslo (PRIO)က တင်ထားတာဖြစ်ပါတယ်။

တင်သွင်းလာတဲ့ နာမည်စာရင်းတွေကို နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက စိစစ်အကဲဖြတ်မှာဖြစ်ပြီး လာမယ့်အောက်တိုဘာလမှာ ဆုရရှိသူစာရင်းတွေကို ကြေညာမှာ ဖြစ်ပါတယ်။ ဆုပေးပွဲကိုတော့ ဒီဇင်ဘာလမှာ ကျင်းပမှာဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် အကြမ်းမဖက်တိုက်ပွဲဝင်ခဲ့တဲ့သူ အဖြစ် ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခဲ့ပါတယ်။

ဆုချီးမြှင့်ခံရတာ နှစ်ပေါင်း ၃ဝ ကျော်ကြာပြီဖြစ်ပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ဦးဆောင်နေဆဲပဲလို့ ငြိမ်းချမ်းရေးနိုဘယ်ဆုအဖွဲ့က ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်မှာ ထုတ်ဖော်ပြောထားပါတယ်။

၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နောက်တစ်ကြိမ် အဖမ်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို စိုးရိမ်ကြောင်းနဲ့ အမြန်ပြန်လွှတ်ပေးဖို့ နိုဘယ်ဆုကော်မတီက တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org