ကုလအတည်ပြုလိုက်တဲ့ မြန်မာ့အရေးမူကြမ်းအပေါ် စိတ်ပျက်မိကြောင်း ဦးကျော်မိုးထွန်း ပြော

RFA Burmese
2024.11.22
ကုလအတည်ပြုလိုက်တဲ့ မြန်မာ့အရေးမူကြမ်းအပေါ် စိတ်ပျက်မိကြောင်း ဦးကျော်မိုးထွန်း ပြော အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် ရက်နေ့က ကျင်းပသည့် ၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ဆွေးနွေးပွဲတက်ရောက်လာသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။
Permanent Mission of Myanmar to the United Nations

ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်ပြုခဲ့တဲ့ “ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေဆုံးဖြတ်ချက် အဆိုမူကြမ်း” မှာ စစ်ကောင်စီထံ လက်နက်နဲ့ လေယာဉ်ဆီတင်ပို့ ရောင်းချနေတာကို ရပ်တန့်ရေးနဲ့ဆိုင်တဲ့ စာသားတွေ ခိုင်ခိုင်မာမာ မတွေ့ရတာကို စိတ်ပျက်မိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

မြန်မာပြည်တွင်းမှာဖြစ်နေတဲ့အခြေအနေ၊ အကျပ်အတည်းနဲ့ ပြည်သူတွေရဲ့ စိုးရိမ်ထိတ်လန့်နေတာတွေကို ဖြေရှင်းပေးနိုင်တဲ့ အခြေအနေတွေ မတွေ့ရဘူးလို့လည်း သံအမတ်ကြီးက ထောက်ပြပါတယ်။

ဒီမူကြမ်းကို အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ ဥရောပသမဂ္ဂတို့က ပူးတွဲတင်သွင်းခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

ဒီမူကြမ်းဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပေမဲ့ ညှိနှိုင်းဆွေးနွေးခဲ့တဲ့ လုပ်ငန်းစဉ်တစ်လျှောက်မှာ မြန်မာကိုယ်စားလှယ်အဖွဲ့က ပါဝင်ဆွေးနွေးခွင့်နည်းပါးခဲ့တယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း မူကြမ်းအတည်မပြုခင် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာကနေ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ပံ့ပိုးမှုတွေရနေတာကြောင့် လူမဆန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခွင့်ရနေတာလို့လည်း သူက ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီထံ နိုင်ငံတကာက လက်နက်ခဲယမ်းအပါအဝင် စစ်ရေးမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ၊ လေယာဉ်ဆီတွေနဲ့ ငွေကြေးထောက်ပံ့စီးဆင်းနေတာကို ချက်ခြင်းရပ်တန့်အောင်လုပ်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာကိုလည်း အဆုံးသတ်ပေးဖို့ တင်ပြခဲ့ပါတယ်။ ပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေးကြိုးပမ်းမှုတွေကို ပံ့ပိုးပေးဖို့ သံအမတ်ကြီးက ထပ်မံတိုက်တွန်းခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းအရ စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄၊ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ သေဆုံးခဲ့တဲ့ ပြည်သူပေါင်း ခြောက်ထောင်နီးပါး (၅,၉၈၂) ဦး ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။