မြန်မာနိုင်ငံသား ၁၈ဝ နီးပါး မလေးရှားက ပြန်လည်ရောက်ရှိ

မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြ တဲ့ မြန်မာနိုင်ငံသား ၁၈ဝ နီးပါးဟာ MAI မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းနဲ့ ဒီကနေ့ ပြန်လည်ရောက်ရှိလာကြပါတယ်။

မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား ၁၈ဝ နီးပါးဟာ MAI မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းနဲ့
ဒီကနေ့ ပြန်လည်ရောက်ရှိလာကြပါတယ်။

ဒီနေ့ပြန်ရောက်လာကြတဲ့သူတွေဟာ မလေးရှားမှာ မြန်မာနိုင်ငံသားတွေကို လုပ်ကြံတိုက်ခိုက်မှုတွေ ရှိတယ်ဆိုတာကြောင့် စိုးရိမ်ပြီး ပြန်လာကြသူတွေမဟုတ်ဘဲ မိမိသဘောအရ မြန်မာနိုင်ငံကို ပြန်လာကြသူတွေ အများစုဖြစ်တယ်လို့ ပြန်ရောက်လာသူတွေက ပြောပါတယ်။

အခုလို ပြန်လာတာနဲ့ ပတ်သက်ပြီး ဟင်္သာတမြို့သား ကိုလှမျိုးထွန်းက RFA ကို ပြောပါတယ်။

ကျနော်တော့ လက်တွေ့တော့မတွေ့ဘူးပေါ့၊ ကြားတာတော့ရှိတာပေါ့၊ ကျနော်လည်း နည်းနည်းပါးပါး တိမ်းရှောင်ရတာတော့ရှိတာပေါ့၊ သူတို့က UN ကိုင်ထားတဲ့ကောင်တွေကိုး၊ UN ကိုင်ထားတဲ့ကောင်တွေက ဓားနဲ့လိုက်ခုတ်တောတွေရှိတယ်၊ ဗမာတွေပဲအထိများတယ်၊ ကျနော်တို့နဲ့ နည်းနည်းဝေးနဲ့နေရာမှာတော့ အဲလိုပြဿနာတွေရှိတယ်၊ သံရုံးနဲ့တော့ ကျနော်တို့မလုပ်ပါဘူး၊ ဒီအတိုင်းပဲ အေးဆေးပဲ၊ ဘာမှရှော့ခ်မရှိဘူး”

ဒီနေ့ မြန်မာနိုင်ငံကို ပြန်ရောက်လာသူတွေထဲမှာ အလုပ်စာချုပ်ပြည့်လို့ ပြန်လာကြသူတွေပါသလို နိုင်ငံကူးလက်မှတ်မရှိတာကြောင့် အဖမ်းခံရပြီး မလေးရှားအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာသူတွေလည်းပါတယ်လို့ ဆိုပါတယ်။

ဒီနေ့ပြန်လာကြတဲ့သူတွေဟာ လေယာဉ်ခအပြည့်ပေးချေပြီး ပြန်လာကြတဲ့သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org