မြိုင်မြို့မှာ ငါးရက်အတွင်း လူ ၂၀ ကျော် ဖမ်းဆီးခံရ

မကွေးတိုင်း၊ မြိုင်မြို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကနေ ဒီနေ့အထိ စစ်တပ်ရဲ့ ဖမ်းဆီးမှုကိုခံရသူ ၂၀ ကျော် ရှိနေပါပြီ။

၂၀၂၁ သြဂုတ် ၈ ရက်က မြိုင်မှာ စစ်အာဏာဆန့်ကျင်ဆန္ဒပြနေကြစဥ် Photo: Citizen Journalist
မကွေးတိုင်း၊ မြိုင်မြို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၈ ရက် ဒီနေ့အထိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှုကိုခံရသူ ၂၀ ကျော်ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြတဲ့ဓာတ်ပုံထဲပါသူတွေ၊ ဆန္ဒပြတဲ့သူတွေကို ရေသန့်၊ အအေးနဲ့ မုန့်ဝေသူတွေကိုပါ လိုက်လံဖမ်းဆီးနေသလို နေအိမ် ငါးလုံးခန့်လည်း ချိတ်ပိတ်ခံ ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
"မြို့ပေါ်ကတော့ တော်တော်ခြောက်နေပြီ။ မြိုင်မြို့ပေါ်ကလည်း သွားလိုက်ရင် ဈေးဝယ် စရာ ဆိုင်တောင် မရှိတော့ဘူး။ ဆိုင်တွေ တော်တော်များများကလည်း ပိတ်ထားကြတယ်။ မြို့ခံတော်တော်များများကလည်း မနေရဲကြတော့ဘူး။ ဆိုင်တဲ့လူရော မဆိုင်တဲ့လူရော အကုန်ဖမ်းနေတော့တာ"
 
လက်ရှိအချိန်မှာ ဆန္ဒပြရာမှာ ပါဝင်တဲ့သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရသလို ဆန္ဒပြရာမှာ မပါဝင်တဲ့ သူတွေကလည်း အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် အပြင်ကိုမထွက်ရဲကြဘူးလို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မြိုင်မြို့ပေါ်က စာသင်ကျောင်းတစ်ခုမှာ စစ်ကောင်စီတပ်သား ၁၀၀ လောက်နဲ့ တပ်စွဲပြီးနောက် အခုလို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလို့လည်း ပြောပါတယ်။
 
အခုလိုဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
 
မြိုင်မြို့နယ်မှာ လင်းကတော၊ ကိုင်းတောမ၊ ဗဟင်း စတဲ့ရဲစခန်းတွေမှာ စစ်တပ်က တပ်စွဲနေသလို မြို့ပေါ်မှာလည်း စစ်အင်အားတွေတိုးချပြီး နယ်မြေကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း လင်းကတောရဲစခန်းကို မြိုင် PDF၊ ရေစကြို PDF၊ ဆားလင်းကြီး PDF အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေကို သိမ်းယူခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org