မူဆယ် ဆင်ဖြူဂိတ်ကို တရုတ်နိုင်ငံဘက်က ပြန်ဖွင့်ပေး
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်ပေါက်ကို တရုတ်အာဏာပိုင်တွေက နိုဝင်ဘာလ ၁၉ ရက် မနက်ပိုင်းမှာ ပြန်ဖွင့်ပေးလိုက်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
-
RFA Burmese
2024-11-19 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ ဆင်ဖြူဂိတ်ပေါက်ကို တရုတ်အာဏာပိုင်တွေက နိုဝင်ဘာလ ၁၉ ရက် ဒီမနက်ပိုင်းမှာ ပြန်ဖွင့်ပေးလိုက်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
ဒီမနက်ပိုင်းမှာပဲ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့အတွင်းမှာ ပိတ်မိနေတဲ့ ကုန်စိမ်းကားတွေ မြန်မာဘက်အခြမ်းကို ထွက်လာနေပြီလို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။
“အာလူးကားတွေ၊ ကုန်စုံတင်ထားတဲ့ ကားတွေ ထွက်လာပြီဗျ။ ဒီမနက်ပိုင်းမှာပဲ ဂိတ်က ဖွင့်လိုက်ပြီ။ မြန်မာဘက်က လူတွေတောင် မသိဘူး။ ရုတ်တရက် ဖွင့်ပေးလိုက်တာ။ ဂိတ်ပေါက်မှာ လမ်းပြင်နေရင်းနဲ့ကို ဖွင့်ပေးလိုက်တာ”
ဘယ်လို သဘောတူညီချက်တွေနဲ့ ပြန်ဖွင့်ပေးလိုက်တယ်ဆိုတာကို တော့အတိအကျ မသိရဘူးလို့ နယ်စပ်ကုန်သည် နောက်တစ်ဦးက ပြောပါတယ်။
“ပိတ်နေတဲ့ကားတွေ ထွက်ခွင့်ပေးဖို့ပဲလား၊ ဒါမှမဟုတ် အရင်လို ပုံမှန်ထွက်ခွင့် ပေးတော့မှာလား ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးဗျ။ လောလောဆယ်တော့ ပြန်ဖွင့်ပေးထားတယ်။ မြန်မာဘက်က ကားတွေတော့ အဝင်မခံသေးဘူး”
တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မူဆယ်မြို့မှာ နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နဲ့ မန့်ဝိန်းဂိတ်ဆိုပြီး သုံးဂိတ်ရှိပါတယ်။
ဆင်ဖြူဂိတ်က ဆိုင်ကယ်တွေ၊ သုံးဘီးယာဉ်တွေနဲ့ ကုန်အနည်းအကျင်းသမားတွေ သယ်ကြပြီး၊ မန့်ဝိန်းဂိတ်က နေတော့ နယ်စပ်ကုန်သွယ်ရေး စခန်တွေမှာ အခွန်ဆောင်ထားတဲ့ ကုန်ကားကြီးတွေကိုပဲ ဝင်ထွက်ခွင့်ပြုတာပါ။ နန်းတော်ဂိတ်ကတော့ ကုန်ပစ္စည်း သယ်လို့မရဘဲ နှစ်နိုင်ငံ လူဝင်၊ လူထွက်သီးသန့် ဖြတ်သန်းဖို့ ဖြစ်ပါတယ်။
ဒီနယ်စပ်ဂိတ်တွေ ပြန်ဖွင့်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာတော့ မတွေ့ရသေးပါဘူး။
နိုဝင်ဘာလ ၁၁ရက်နေ့ကစပြီး ဆင်ဖြူဂိတ်ကနေ ကုန်သယ်ယူခွင့်ကို တရုတ်ဘက်က ခွင့်မပြုတော့ဘဲ မန့်ဝိန်းဂိတ်ကနေ ကုန်ကားတွေနဲ့ သယ်ခွင့်ပြုမယ်လို့ ရွှေလီပြည်သူ့အစိုးရက ကြေညာခဲ့တာပါ။
ဒီလို ကြေညာတဲ့ နေ့မှာပဲ အဲဒီ မန့်ဝိန်းဂိတ်ကို စစ်ကောင်စီအာဏာပိုင်တွေက ပိတ်လိုက်တဲ့အတွက် တရုတ်ပြည် ရွှေလီနဲ့ ကျယ်ဂေါင်ကနေ မြန်မာဘက်ကို တင်သွင်းမဲ့ ကုန်စိမ်းတင်ကားတွေအပါအဝင် ကားအစီး သုံးရာကျော် ကျယ်ဂေါင်မြို့ထဲမှာ ပိတ်မိခဲ့ပါတယ်။
နယ်စပ်ဂိတ်မှာ ပိတ်မိနေတာကြောင့် တာရှည်ထားမခံတဲ့ ကုန်စိမ်းတန်ချိန် ရာနဲ့ချီ ဆုံးရှုံးခဲ့ရတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ ဒီနေ့အထိလည်း မန့်ဝိန်းဂိတ်ကို စစ်ကောင်စီအာဏာပိုင်တွေက ပိတ်ထားဆဲ ဖြစ်ပါတယ်။