မူဆယ်မြို့က ကုန်စုံဆိုင်တွေကို SSPP အခွန်ကောက်နေကြောင်း မြို့ခံတွေ ပြော
မူဆယ်မြို့နယ်အတွင်းက ကုန်စုံဆိုင်တွေကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က အခွန်ပေးဆောင်ဖို့ လာရောက်အကြောင်းကြားထားပါတယ်။
-
RFA Burmese
2024-05-12 -
-
-
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းက ကုန်စုံဆိုင်တွေကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က အခွန်ပေးဆောင်ဖို့ လာရောက်အကြောင်းကြားထားတယ်လို့ မူဆယ်မြို့ခံတွေက RFA ကို ပြောပါတယ်။
မေလ ၁၀ ရက်နေ့ကတည်းက မူဆယ်မြို့တွင်းက စွမ်စော်ရပ်ကွက်၊ ကောင်းနောင်ရပ်ကွက်နဲ့ ဟိုမွန်ရပ်ကွက်က ဈေးဆိုင်တွေကို SSPP တပ်ဖွဲ့ဝင်နှစ်ဦးရောက်လာပြီး အခွန်ဆောင်ဖို့ စာရွက်တွေလိုက်ပေးခဲ့တာလို့ ဆိုပါတယ်။
ဈေးဆိုင် အကြီးအသေးပေါ်မူတည်ပြီး ကျပ်ငွေနှစ်သိန်းကနေ ခြောက်သိန်းအထိ ကောက်ခံနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"နိုင်ငံရေးမကောင်းလို့ ဒီလောက် အရောင်းအဝယ်လည်းမကောင်း မနည်းရပ်တည်နေရတဲ့အချိန်မှာ သိန်းနဲ့ချီပြီး ပိုက်ဆံတောင်းတာ အဆင်မပြေဘူးပေါ့ဗျာ။ အခွန်စာရွက်ရပြီး သုံးရက်အတွင်း ပေးရမယ်ဆိုတော့ ဘယ်လိုတတ်နိုင်မှာလဲ"
ကောက်ခံတဲ့အခွန်ငွေကို မူဆယ်မြို့အပြင်ဘက် မန်ဝန်းကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းကို သွားရောက်ပေးဆောင်ရမှာလို့ ဆိုပါတယ်။
မူဆယ်မြို့နယ်ထဲက ဈေးဆိုင်တွေကို အခွန်ကောက်ခံနေတဲ့အပေါ် တုံ့ပြန်မှုရဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မူဆယ်မြို့နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အများဆုံးလှုပ်ရှားကြတာကြောင့် တော်လှန်ရေးခေါင်းစဉ် အောက်ကနေ ပြည်သူတွေအပေါ် မကြာခဏဆိုသလို အခွန်ငွေကောက်ခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။