မိုးထိမိုးမိ ရွှေလုပ်သားခေါင်းဆောင် ၄ဦးကို ပြစ်ဒဏ်တွေ ချမှတ်လိုက်ပြီ
ရန်ကုန်မြိ့ကနေ နေပြည်တော်အထိ လမ်းလျှောက်ဆန္ဒဖေါ်ထုတ်ခဲ့ကြတဲ့ မိုးထိမိုးမိ ရွှေလုပ်သားတွေထဲ က ခေါင်းဆောင် ၄ဦးဖြစ်တဲ့ ကိုရဲရင့်ထွန်း၊ ကိုနေအောင်ထက်၊ ကိုနိုင်ဝင်း၊ ကိုစောနောင်တို့ကို ရေတာရှည်မြို့တရားရုံးကနေ ဒီကနေ့မှာ ထောင်ဒဏ် ၆လနဲ့ ဒဏ်ငွေကျပ် တစ်သောင်းစီ စီရင်ချက်ချလိုက်ပါတယ်။
-
2013-01-03 -
-
-
အဲဒီ့စီရင်ချက်ဟာ ဥပဒေနဲ့မညီတာကြောင့် ဥပဒေအရ အယူခံဝင်သွားမယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်စန်းစန်းလှက RFAကို ပြောပါတယ်။
"ဥပဒေအရ တရားခံမှာရှိတဲ့ အခွင့်အရေးအရ အယူခံဆက်တက်ပါမယ်၊ အယူခံဘယ်တော့လောက်တက်မလဲဆိုတော့ အမိန့်မိတ္တူရပြီးမှပဲ ဘယ်နေ့တက်မယ်ဆိုတာ ပြောလို့ရမယ်၊ အဲဒီ့အချက်အလက်တွေအပေါ်မှာ အယူခံထပ်သင့်တဲ့အကြောင်းအရာ ပြစ်ဒဏ်ကနေတက်သင့်တဲ့ အကြောင်းအရာကိုတက်မှာဖြစ်ပါတယ်၊ အခု ဒီလမ်းလျှောက်တဲ့အပေါ်မှာပဲ ပြစ်ဒဏ်နှစ်ခုပေးထားတယ်၊ အဲလိုစီရင်လို့မရဘူး၊ သူတို့လမ်းလျှောက်သွားတဲ့ တစ်ခုတည်းအပေါ်မှာ ပြစ်ဒဏ်နှစ်ခုပေးထားတဲ့အချက်ကတော့ ဥပဒေနဲ့မညီဘူးဆိုတာ ကျမပြောချင်တယ်"
ဒီကနေ့ ရေတာရှည်မြို့နယ်တရားရုံးက စီရင်ချက်ချမှတ်လိုက်တဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၅ဝ၅(ခ)ပြည်သူလူထုကို ထိတ်လန့်စေနိုင်တဲ့စွဲချက်နဲ့ ထောင်ဒဏ် ၆လစီအသီးသီးအပြင် ပုဒ်မ ၁၈ ခွင့်ပြုချက်မရဘဲ စီတန်းလမ်းလျှောက်ခဲ့တဲ့အတွက် ဒဏ်ငွေတစ်သောင်းစီနဲ့ ထောင် ၂လစီ ချမှတ်ခဲ့တာပါ။
မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ ရန်ကုန်မြို့ အမျိုးသားကြီးပွားရေးကုမ္ပဏီရှေ့မှာ ဆန္ဒပြရာကနေ သူတို့နေရပ် ရမည်းသင်းခရိုင် အထိအပြန်မှာ နေပြည်တော်အထိ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ၂ဝ၁၂ခုနှစ် နိုဝင်ဘာလ ၂၃ရက်နေ့ သူတို့တွေ တောင်ငူမြို့အရောက်မှာ ခေါင်းဆောင် ၄ဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။