မြောက်ဦးမြို့နယ် အောက်သားကန် ပစ်ခတ်မှု လူ၂ ဦးသေ၊ ၇ ဦးဒဏ်ရာရ

အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာအနီးမှာ ဒီနေ့မနက်က ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးပြီး လူ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာအနီးမှာ ၂ဝ၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့က ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ လူနာကို တွေ့ရစဉ် ဓာတ်ပုံ - ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း - မြောက်ဦး

အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာအနီးမှာ ဒီနေ့မနက်က ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးပြီး လူ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မြောက်ပိုင်း တိန်ညိုတံတားအနီးကနေ တံတားရဲ့အရှေ့ဘက်အရပ်မှာရှိတဲ့ အောက်သားကန်ကျေးရွာဘက်ကို အစိုးရတပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းက လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒေသခံ မျက်မြင်တွေက  အစိုးရတပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းဟာ တိန်ညိုကျေးရွာဘက်ကနေ ရန်ကုန်-စစ်တွေ ကားလမ်းမအတိုင်းလာ ရောက်တာဖြစ်ပြီး အောက်သားကန်ရွာ အဝင်လမ်းထိပ်မှာရှိတဲ့ ဆိုင်ခန်းတစ်ခုထဲကို ဆက်လက်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အေအေအဖွဲ့က အောက်သားကန်ကျေးရွာ မြောက်ဘက်ကနေ တပ်မတော်စစ်ကြောင်းကို လှမ်းပစ်ခဲ့တဲ့အတွက် ပြန်လည်ပစ်ခတ်ခဲ့တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ကျွန်တော်တို့ ၇ နာရီ ၁၅ လောက်မှာ အဲဒီအောက်သားကန်ရဲ့မြောက်ဘက်မှာ တပ်မတော်ရဲ့လုံခြုံရေး စစ်ကြောင်းတစ်ခုရှိတယ်။ အဲဒီစစ်ကြောင်းသွားနေတာရှိတယ်။ အဲဒီအောက်သားကန်ဘက်ကနေ အေအေအဖွဲ့က ပစ်တာရှိတယ်။ ကျွန်တော်တို့ဆီကနေ ပြန်ပစ်တော့ အဲဒီအောက်သားကန်ရွာထဲကို ဝင်ပြေးသွားတယ်"

AA အဖွဲ့က ပစ်ခတ်လို့ ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ AA အဖွဲ့ကိုမေးမြန်းရာမှာ အေအေ ရက္ခိုင့်တပ်မတော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ဒီနေ့မနက်က အေအေအဖွဲ့က တိုက်ခိုက်တာမရှိဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူးဗျ။ အဲဒီနေရာမှာ ကျွန်တော်တို့နဲ့ လုံးဝတိုက်ပွဲမဖြစ်ခဲ့ဘူး။ ဒီဟာကတော့ ပြောရမယ်ဆိုရင် ဗမာစစ်တပ်က ဒါကျွန်တော်တို့ရဲ့ ရခိုင်ပြည်သူလူထုကို အမုန်းတရားအပေါ်မှာ အခြေခံပြီးတော့မှ လူမျိုးရေးအရ ဒါသက်သက်အနိုင်ကျင့် သတ်ဖြတ်တာလို့ ကျွန်တော်တို့က အဲလိုပဲမြင်တယ်ဗျ။ ဒါဟာ စစ်ရာဇဝတ်မှုကျူးလွန်တာပဲ"

အဲဒီလိုပစ်ခတ်ရာမှာ ဆိုင်ထဲမှာရှိတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး နောက်ထပ် အမျိုးသမီးတစ်ဦးကတော့ ကျည်ဒဏ်ရာတွေပြင်းထန်တာကြောင့် မြောက်ဦးဆေးရုံကနေတဆင့် စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

ဒဏ်ရာရသူကျန် ၆ ဦးကတော့ တိန်ညိုတိုက်နယ်ဆေးရုံမှာ ၂ ဦး၊ မြောက်ဦးပြည်သူ့ဆေးရုံမှာ ၄ ဦးဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ အသက် ၂၅ နှစ်အရွယ် မစံပါယ်ဖြစ်ပြီး ရမ်းဗြဲမြို့နယ် ကုန်ဘောင်ကျေးရွာဇာတိ ဖြစ်ပါတယ်။

သူ့ရဲ့မိသားစုနဲ့အတူ အောက်သားကန်ကျေးရွာအဝင် ရန်ကုန်-စစ်တွေကားလမ်းမဘေးမှာ စားသောက်ဆိုင် လုပ်ကိုင်နေသူပါ။

ဒီနေ့မနက်က အခြေအနေနဲ့ ပတ်သက်လို့ သေဆုံးသူ မစံပါယ်ရဲ့အမျိုးသား ကိုအောင်မိုးလင်းက အခုလို ပြောပါတယ်။

"စစ်သားတွေက တိန်ညိုဘက်ကနေ အောက်သားကန်ဘက်ကိုလာတယ်။ အဲဒီအချိန်မှာနေပြီးတော့ ကျွန်တော်တို့ဆိုင်ကို နည်းနည်းလွန်တာနဲ့ အဲဒီကနေပစ်တာနဲ့ ထိတာပဲ။ ကျွန်တော့ မိန်းမကိုထိတာ။  ကျွန်တော်လည်း သူ့ကိုမကယ်နိုင်လိုက်ဘူး။ ကျွန်တော်က လွတ်တဲ့နေရာကို ဝင်ပုန်းနေရတယ်။ နောက်ပိုင်း ထကြည့်တော့ ကျွန်တော့မိန်းမက ဆုံးပြီ"

စစ်တွေဆေးရုံကြီးကို ဒဏ်ရာနဲ့အရေးပေါ်ပို့ဆောင်လိုက်ရတဲ့ အမျိုးသမီးဟာ အသက် ၂၅ နှစ်အရွယ် မပေါက်စမဖြစ်ပြီး မြောက်ဦးမြို့နယ် လေးမြို့စားကျေးရွာကလို့ သိရပါတယ်။

သူဟာ သေဆုံးသူ မစံပါယ်နဲ့အတူ ဆိုင်ခန်းထဲမှာအတူရှိနေစဉ် ပစ်ခတ်ခံခဲ့ရတာလို့ အဲဒီဆိုင်ထဲမှာ အတူရှိနေသူတွေက ပြောပါတယ်။

သူ့ရဲ့ဒဏ်ရာအခြေအနေကို ဒီနေ့မနက်က လူနာသွားတင်ခဲ့တဲ့ မြောက်ဦး ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်သိန်းထွန်းက -

"ဆုံးသွားတဲ့လူထက် ကျွန်တော်တို့က အသက်ရှိတဲ့သူက ပိုပြီးအရေးကြီးတဲ့အတွက် အဲဒီမှာ အသက်ရှိသေးတဲ့ လူကိုပဲ ကျွန်တော်တို့က ထုတ်ယူလာခဲ့တာခင်ဗျ။ ဒဏ်ရာရတာကတော့ ခေါင်းမှာတစ်ချက်ရှိပါတယ်။ နောက်ပြီး ယာဘက်ရင်အုံမှာ တစ်ချက်ပါ။ ပြီးတော့ ဘယ်ဘက်ပေါင်မှာ တစ်ချက်ပါ။ အဲဒါတွေကို တွေ့ရပါတယ်"

ကားလမ်းမဘေးမှာရှိတဲ့ အဲဒီဆိုင်ခန်းနဲ့ အောက်သားကန်ကျေးရွာဟာ မိုင်ဝက်ခန့်ကွာဝေးပြီး အစိုးရတပ်က ကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းခဲ့ရာမှာ အသက် ၇၀ ဝန်းကျင်အရွယ် လူကြီးတစ်ဦး လက်နက်ကျည်ထိ မှန်သေဆုံးခဲ့တယ်လို့ မြောက်ဦးမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ေ ဇာ်မင်းထွန်းကတော့ သေဆုံး၊ ဒဏ်ရာရတဲ့ကိစ္စတွေကို သူ့အနေနဲ့ မသိရှိသေးဘူးလို့ ပြောပါတယ်။

အေအေအဖွဲ့ဟာ ကျေးရွာမြောက်ဘက်ကနေ တိုက်ခိုက်ပြီး ကျေးရွာအတွင်းကို ဝင်ပြေးသွားတာကြောင့် တပ်မတော်စစ်ကြောင်း ကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းဖို့သွားတဲ့အခါမှာ ရွာအဝင်မှာ AA အဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကို ထပ်မံကြုံခဲ့ရတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုပါတယ်။

အေအေ ရက္ခိုင့်တပ်မတော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ အေအေအဖွဲ့ဟာ အရပ်သားတွေ ထိခိုက်နိုင်မယ့်ကိစ္စရပ်တွေ အားလုံးကိုရှောင်ရှားသလို ဒီမနက်ကဖြစ်စဉ်မှာ အေအေဘက်က တိုက်ခိုက်တာမရှိခဲ့တဲ့အတွက် ဒါဟာ လုပ်ကြံပြောဆိုခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံအချို့ကို RFA က မေးမြန်းခဲ့ရာမှာ ဒီနေ့မနက်က အပြန်အလှန်ပစ်ခတ်တာ မဟုတ်ဘူးလို့ ပြောကြပါတယ်။ နှစ်ဘက်အပြန်အလှန် တိုက်ခိုက်မှု တကယ်ရှိ မရှိဆိုတဲ့ အပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့ရဲ့ တိုက်ပွဲကာလအတွင်း လက်နက်ကျည်ထိမှန်ပြီး သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိနေပါတယ်။

တပ်မတော်ဘက်က အရပ်သားတွေအပေါ် ထိခိုက်မှုမရှိရအောင် ဘယ်လိုဆောင်ရွက်နေသလဲလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA ကမေးမြန်းရာမှာ သူက -

"ကျွန်တော်တို့ကတော့ စည်းမျဉ်းအရ ထိတွေ့တိုက်ခိုက်မှုတွေမှာ စစ်ရေးနဲ့မဆိုင်တဲ့ ပစ်မှတ်တွေကို ရှောင်ရှားဖို့တို့ဘာတို့ ထုတ်ပြန်ပြီးသားရှိတယ်။ တပ်မတော်မှာတော့ သူ့ရဲ့အုပ်ချုပ်ပုံအဆင့်ဆင့်ရှိတယ်။ အမိန့်ပေးအုပ်ချုပ်ပုံနဲ့ စောင့်ကြည့်ပုံတို့ အဆင့်ဆင့်ရှိတာပဲဗျ။ လိုက်နာအောင်လည်း အနီးကပ်မြေပြင်မှာ ကြီးကြပ်ရတဲ့ တပ်မှူးတွေကလည်း လိုက်နာအောင်လို့ ကြီးကြပ်ပေးနေတာတွေရှိတယ်"

ပြီးခဲ့တဲ့ တိုက်ပွဲကာလတလျှောက်မှာ အေအေအဖွဲ့ဟာ ကျေးရွာတွေကိုအကာအကွယ်ယူပြီး တိုက်ခိုက်တာဟာ ဒီနေ့ဖြစ်စဉ်နဲ့ဆိုရင် ၁၆ ကြိမ်ရှိသွားပြီလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီး အေအေ ရက္ခိုင့်တပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက -

"ကျွန်တော်တို့မှာကတော့ အရပ်သားတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အမြဲတမ်းသတိထားတယ်။ အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှုမရှိရအောင် ကျွန်တော်တို့ အမြဲတမ်း ဦးစားပေးစဉ်းစားပြီးတော့မှ လုပ်ဆောင်တာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ ရွာထဲတွေမှာ တိုက်ခိုက်တာ လုံးဝမလုပ်ဘူး။ တစ်ခုခုလုပ်မယ်ဆိုရင်တောင်မှ ပြည်သူလူထုတွေကို သတိပေးချက်တွေ အတန်တန်ထုတ်ပြန်ပြီးမှ ကျွန်တော်တို့ဘက်ကလုပ်တာ။ ကျွန်တော်တို့က တရားနည်းလမ်းတကျ တိုက်နေတာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ပြည်သူလူထုကို ကာကွယ်ရမယ့်အပိုင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်က အကောင်းဆုံး လုပ်ဆောင်နေတယ်လို့ပဲ ပြောချင်တယ်"

မြောက်ဦးမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ အခုလို ထောက်ပြပါတယ်။

"အရပ်သားဆိုတာကလည်း ပစ်ခတ်သံနဲ့အတူ ကြောက်လန့်ပြီးတော့ ထွက်ပြေးကြတယ်။ ဆိုတော့ တစ်ဖက်ကလည်းပဲ တပ်မတော်ဘက်ကလည်း ထွက်ပြေးတဲ့သူတွေကို မယုံဘူး။ အဲဒီအပေါ်မှာပဲ ဖြစ်ကြတယ်လို့ ကျွန်တော်ယူဆတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အပေါ်၊ အောက် အမိန့်နာခံမှုအပေါ်မှာ သူတို့က တိတိကျကျ မလိုက်နာဘူး။ ဒီလိုဖြစ်နေတာလို့ ပြောချင်ပါတယ်"

ဒီနေ့မနက်က အောက်သားကန်ကျေးရွာအတွင်းက အေအေအဖွဲ့ရဲ့ အမာခံလို့ယူဆရသူ ၅ ဦးကို ဖမ်းဆီးပြီး ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ညနေမှာ သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက်ကဖြစ်စဉ်ကြောင့် အောက်သားကန်ကျေးရွာအပြင် တိန်ညို၊ သပြေကန်၊ လက္ကာ၊ စတဲ့အနီးအနားကျေးရွာတွေက ဒေသခံအတော်များများဟာ စိုးရိမ်ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

တပ်မတော်က ရခိုင်ပြည်နယ်မှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မူမြောက်တဲ့အတွက် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို တင်ဖို့ကြိုးပမ်းသွားမယ်လို့ AA ကပြောထားပါတယ်။

မတ်လ ၂၅ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ တပ်မတော်ဘက် အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာမဟုတ်ပဲ AA အဖွဲ့က နေအိမ်တွေကို အကာအကွယ်ယူတာတွေ၊ ဘုရားပုထိုးစေတီတွေ အနီးကနေ နေရာယူပြီး ပစ်ခတ်တဲ့အတွက် ပြန်ပစ်ရတာဖြစ်ကြောင်း၊ AA က လူသားတံတိုင်းကာပြီး အရပ်သားတွေကို အသုံးချနေတာတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org