အသံချဲ့စက်ပိတ်ခဲ့တဲ့ နယ်သာလန်နိုင်ငံသားကို ပုဒ်မ ၂ ခုနဲ့ စွဲချက်တင်
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ဓမ္မာရုံတစ်ခုမှာ ဓမ္မစကြာရွတ်ဖတ်နေစဉ် ဓမ္မာရုံထဲဝင်ရောက်ပြီး အသံချဲ့စက် ပိတ်ခဲ့တဲ့ နယ်သာ လန်နိုင်ငံသား Mr.Klaas ကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁) တို့နဲ့ စွဲချက်တင်ဖို့ မဟာအောင်မြေမြို့နယ် တရားသူကြီးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
-
2016-10-04 -
-
-
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ဓမ္မာရုံတစ်ခုမှာ ဓမ္မစကြာရွတ်ဖတ်နေစဉ် ဓမ္မာရုံထဲဝင်ရောက်ပြီး အသံချဲ့စက် ပိတ်ခဲ့တဲ့ နယ်သာလန်နိုင်ငံသား Mr.Klaas ကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ၊ လူဝင်မှု ကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁) တို့နဲ့ စွဲချက်တင်ဖို့ မဟာအောင်မြေမြို့နယ် တရားသူကြီးက ဒီနေ့ ဆုံးဖြတ် လိုက်ပါတယ်။
အဲဒီပုဒ်မနှစ်ခုအတွက် တရားလိုပြသက်သေ ၁၁ ဦးကို မနေ့က စစ်ဆေးခဲ့ပြီး စွဲချက်တင်သင့် မတင်သင့် ဒီနေ့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို အလည်အပတ်ခရီးရောက်ရှိလာတဲ့ Mr. Klaas ဟာ မဟာအောင်မြေမြို့နယ် တမာကုန်းရပ်ကွက် မှာရှိတဲ့ Four Rivers Hotel မှာ စက်တင်ဘာ ၂၀ ရက်နေက တည်းခိုခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၂၃ ရက်နေ့ ညက ဟိုတယ် မျက်နှာချင်းဆိုင်မှာရှိတဲ့ သုစရိတဓမ္မာရုံက အသံချဲ့စက်တွေကို ပိတ်ခဲ့တာဖြစ်ပါတယ်။
Mr.Klaas ကို ဓမ္မာရုံတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးကျော်ဆန်းက တရားလိုလုပ်ပြီး စွဲဆိုခဲ့တာဖြစ်ပါတယ်။
တရားရင်ဆိုင်နေရတဲ့ Mr. Klaas က ဓမ္မာရုံကို ဘာသာရေး အဆောက်အအုံ တစ်ခုဖြစ်ကြောင်း မသိဘူးလို့ တရားခွင်မှာ ထွက်ဆိုထားပါတယ်။
Mr. Klaas ဟာ အမှုအတွက် ရှေ့နေခေါ်ယူမှု မရှိခဲ့ပေမယ့် ဒီကနေ့ စွဲချက်တင်ဖို့ အမိန့်ချအပြီးမှာ တရားလွှတ်တော်ရှေ့နေ ဦးလှကို က တရားခံဘက်ကနေ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့် ပါဝါကို တင်ခဲ့ပါတယ်။
အဲဒီအမှုမှာ နှစ်ဖက်သက်သေအားလုံးကို စစ်ဆေးပြီးပြီဖြစ်တဲ့အတွက် လာမယ့် အောက်တိုဘာ ၆ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်မှာဖြစ်ပါတယ်။