အမေရိကန် ဒု-ဝန်ကြီး သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေး
မြန်မာအစိုးရအနေနဲ့ လှေစီးဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးပေးဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် ဒုတိယ - နိုင်ငံခြားရေးဝန်ကြီး Antony Blinken က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
-
2015-05-21 -
-
-
မြန်မာအစိုးရအနေနဲ့ လှေစီးဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးပေးဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် ဒုတိယ - နိုင်ငံခြားရေးဝန်ကြီး Antony Blinken က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
Mr. Blinken ဦးဆောင်တဲ့အဖွဲ့ဟာ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒီနေ့ တစ်နာရီကျော်ကြာ လာရောက်တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်တယ်လို့ သမ္မတပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
"လှေနဲ့ရွှေ့ပြောင်းနေတဲ့သူတွေကိစ္စကို ဆွေးနွေး တယ်၊ အမေရိကန်နိုင်ငံဘက်ကတော့ ဒီလူတွေကို လူသား ချင်းစာနာတဲ့ အကူအညီတွေ အမြန်ဆုံးပေး ဖို့ လိုအပ် တဲ့အခြေအနေကိုပြောတယ်၊ ကျနော်တို့ ဘက်ကတော့ ဒီလူတွေထဲမှာ မြန်မာနိုင်ငံသားတွေ ပါ မပါ စိစစ်မယ်၊ မြန်မာနိုင်ငံသား မှန်တယ်ဆိုရင် လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုလုပ်မယ်၊ မြန်မာနိုင်ငံပိုင်နက်အတွင်းမှာ အဲ့လိုဒုက္ခသည်တွေ ရောက် လာမယ်ဆိုရင်လည်း ကျနော်တို့စိစစ်မယ်၊ လိုအပ်တဲ့ကူညီစောင့်ရှောက်မှုတွေပေးမယ်၊ ပြီးရင်သက်ဆိုင် ရာနိုင်ငံကို ပြန်ပို့ပေးမယ်"
ဒါ့အပြင် လှေစီးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးနဲ့ မြန်မာနိုင်ငံသား ဟုတ် မဟုတ် စိစစ်ရေးလုပ်ငန်းတွေ ကို ဆောင်ရွက်ဖို့အတွက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းကို သမ္မတက တာဝန်ပေးထားကြောင်း ဦးရဲထွဋ်က ပြောပါတယ်။
"ရေရှည်လုပ်ရမယ့်ကိစ္စကတော့ အဓိကအားဖြင့် ဒီလိုလုပ်နေတဲ့ မှောင်ခိုဂိုဏ်းတွေကို ဒေသတွင်းနိုင်ငံတွေ နဲ့ ပေါင်းပြီးတော့ ဖြေရှင်းနိုင်ဖို့ အရေးကြီးတယ်ဆိုတာကို ထောက်ပြတယ်၊ နောက်မြန်မာ့ရေပိုင်နက်ထဲ မှာ ဖြတ် သွားနေတဲ့ကိစ္စတွေ ရောက်ရှိနေတယ်ဆိုလို့ရှိရင် ကူညီကယ်ဆယ်နိုင်ဖို့ိကိစ္စတွေ မြန်မာနိုင်ငံသား ဟုတ် မဟုတ် စိစစ်တဲ့ကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် ဒုတိယသမ္မတ ၂ ဦးဉာဏ်ထွန်း ဦးစီးပြီးတော့ မှ ဆောင်ရွက်ဖို့ သမ္မတ ကြီးက တာဝန်ပေးထားတယ်၊ ဒုတိယသမ္မတအနေနဲ့ ဒီနေ့မှာ အစည်းအဝေးခေါ် ပြီးတော့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ရှိတယ်"
ဒါ့အပြင် လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး နဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲကို မြန်မာအစိုးရဖက်က ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၊ နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်တို့ တက်ရောက်ခဲ့ပါတယ်။
လာမယ့် မေလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံမှာကျင်းပမယ့် ညီလာခံကို တက်ရောက်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန က ကိုယ်စားလှယ်တစ်ဖွဲ့ စေလွှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mr.Blinken ဟာ ညနေပိုင်းမှာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီတေ့ွဆုံဖို့ရှိပါတယ်။