အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ကို သရက်ထောင် ပြောင်းရွှေ့
ရန်ကုန်တိုင်း အင်းစိန် ဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ကို ဩဂုတ်လ ၁၄ ရက်နေ့က မကွေးတိုင်း သရက်အကျဉ်းထောင်ထံ ပြောင်းရွှေ့လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
- 2022-08-16
-
-
-
ရန်ကုန်တိုင်း အင်းစိန် ဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ကို ဩဂုတ်လ ၁၄ ရက်နေ့က မကွေးတိုင်း သရက်အကျဉ်းထောင်ထံ ပြောင်းရွှေ့လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ကလည်း သရက်အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တဲ့အထဲ ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ အမှုဆောင်ဟောင်း ကိုမင်းဟိန်းခန့် အပါအဝင် ၁၀၅ ဦးရှိတယ် လို့ ဩဂုတ် ၁၅ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ထောင်ပြောင်းရွှေ့တာနဲ့ ပတ်သက်လို့ မိသားစုဝင်တွေကို အကြောင်းကြားတာမရှိခဲ့ဘူး လို့လည်း ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) က ရေးသားထားပါတယ်။
စစ်ကောင်စီဟာ အခုနှစ် ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပြောင်းရွှေ့တာတွေကို မကြာခဏ လုပ်ဆောင်နေတာပါ။
ဒီလိုလုပ်နေတာဟာ ထောင်းတွင်း ဖမ်းဆီးထားသူတွေကို ထိန်းချုပ်ဖို့ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က RFA ကို ပြောပါတယ်။
"ခြင်းထဲက ကြက်တွေက တကယ့် တကယ် သူတို့ လက်ခုပ်ထဲက ရေမဟုတ်ဘူး။ အပြင်မှာလည်း Strike တွေရှိသလို အထဲမှာလည်း Silent ဆိုလည်း Silent၊ ငြိမ်းချမ်းစွာဆိုလည်း ငြိမ်းချမ်းစွာ ဆန္ဒပြလာတော့ သူတို့က ပစ်မှတ်ထားတယ်ပေါ့နော်။ အဲဒါတွေကို ရွေးချယ်ပြီး ရာနဲ့ချီ ရွှေ့တာ"
ထောင်တွင်းမှာ စစ်တပ်ဘက်က ပြောင်းရွှေ့လာသူတွေကို ထောင်ပိုင်အဖြစ် ခန့်ထားပြီး နိုင်/ကျဉ်းတွေကို ဆိုးဆိုးရွားရွား ဖိနှိပ်မှုတွေ ရှိနေတယ်လို့ ဦးထွန်းကြည်က ဆိုပါတယ်။
ဒါ့အပြင် လူသတ်မှု၊ မုဒိမ်းမှုနဲ့ ထောင်ကျနေသူတွေကို တန်းစီးချုပ်၊ တန်းစီး၊ စည်းကမ်း ထိန်း၊ အခန်းလူကြီး စသဖြင့် နေရာပေးထားပြီး နိုင်/ကျဉ်းတွေကို ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဦးထွန်းကြည်က ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ အကျဉ်းဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၁၅ ရက် နေ့ စာရင်းအရ အာဏာသိမ်းပြီးနောက် ပြည်သူ တစ်သောင်းခွဲကျော် ဖမ်းဆီးခံခဲ့ရ သလို တစ်သောင်းနှစ်ထောင်ကျော်ကတော့ အကျဉ်းထောင်တွေထဲ ရှိနေဆဲဖြစ်ပါတယ်။