မိသားစုဆီ လစာ ၂၅ ရာခိုင်နှုန်းလွှဲတဲ့အထောက်အထားပြမှ ထိုင်းမှာ အလုပ်လုပ်ခွင့်ရတော့မည်

ထိုင်းရောက် မြန်မာ MOU လုပ်သားတွေ လေးနှစ်ပြည့်သက်တမ်းတိုးရမယ့်အချိန်မှာ စစ်ကောင်စီက အခုလို ကြေညာတာလို့ ဦးမိုးကြိုးက RFA ကိုပြောပါတယ်။

MOU စနစ်ဖြင့် ထိုင်းနိုင်ငံထဲသို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့သည့် မြန်မာအလုပ်သမားများအား ၂ဝ၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

သြဂုတ် ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံရောက် MOU U-turn အလုပ်သမားတွေဟာ မြန်မာနိုင်ငံက မိသားစုတွေဆီကို လစာ သုံးလစာရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ ခြောက်ထောင် ပြန်လွှဲထားမှ နောက်ထပ်သွားရောက် အလုပ်လုပ်ခွင့်ရပါတော့မယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကို ဇူလိုင် ၃၀ က အကြောင်းကြားလိုက်တာပါ။

ထိုင်းရောက် မြန်မာ MOU လုပ်သားတွေ လေးနှစ်ပြည့်သက်တမ်းတိုးရမယ့်အချိန်မှာ စစ်ကောင်စီက အခုလို ကြေညာတာလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကိုပြောပါတယ်။

“ထိုင်းရောက် လေးနှစ်ပြည့် MOU လုပ်သားတွေက သက်တမ်းတိုးချိန်‌ ရောက်နေပြီမို့လို့ U-turn လို့ခေါ်တဲ့ ထိုင်းကနေ အထွက်ပြ မြဝတီ၊ ကော့သောင်း တစ်မြို့မြို့မှာ အဝင်ပြရမယ်၊ ထိုင်းနိုင်ငံမှာရှိနေစဉ်အတွင်း လစဉ်ဝင်ငွေရဲ့ နှစ်ရာခိုင်နှုန်း အခွန်ဆောင်ပြီးကြောင်း ပြေစာရယ်၊ မိသားစုထံ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်း ပြန်လွှဲပို့ပြီးကြောင်း ပြေစာရယ်၊ အဲဒီနှစ်ခုကို ပြပြီးမှ သူတို့ကိုင်ဆောင်ထားတဲ့ Passport of Job (PJ) စာအုပ်တွေကို သက်တမ်းတိုးပေးမှာ ဖြစ်တယ်၊ ပြီးတာနဲ့ OWIC လို့ခေါ်တဲ့ ရေခြားမြေခြားအလုပ်သမား ဖြစ်ကြောင်း သက်သေခံအထောက်အထား Smart Card ကို ထုတ်ပေးလိုက်မှာဖြစ်တယ်"

အဲဒီအခါ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို စစ်ကောင်စီက ကောက်ယူမှာဖြစ်တဲ့အတွက် ထိုင်းရောက် MOU အလုပ်သမားတွေ ဘေးကျပ်နံကျပ် ဖြစ်နေတယ်လို့လည်း ဦးမိုးကြိုးက ဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့ ပန်းရောင်ကတ်တစ်မျိုးတည်းနဲ့ ဆက်လက် နေထိုင်အလုပ်လုပ်ခွင့်ပြုလိုက်မယ်ဆိုရင် ထိုင်းရောက်မြန်မာတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးရာ‌ရောက်မှာဖြစ်တဲ့အတွက် ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်က အလုပ်သမားတွေအတွက် အရေးကြီးတယ်လို့လည်း ပြောပါတယ်။

ထိုင်းရောက် မြန်မာတွေအတွက် နိုင်ငံကူးလက်မှတ်မလိုဘဲ ပန်းရောင်ကတ်တစ်ခုတည်းနဲ့ နေထိုင်သွားလာ အလုပ်လုပ်ခွင့်ပြုဖို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်က ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်နေသူတွေက ထိုင်းအစိုးရဆီ တင်ပြထားတာပါ။

U-turn လုပ်ငန်းစဉ်ဟာ နေ့ချင်းပြီးစေလွှတ်ရတာဖြစ်လို့ အချိန်မကြန့်ကြာရအောင် မိသားစုကိုလွှဲပို့ငွေ တရားဝင်လွှဲထားပြီးတဲ့ အထောက်အထားတွေ ကြိုလုပ်ထားကြဖို့လိုကြောင်းလည်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက သတိပေးထားပါတယ်။

မိသားစုဆီ ငွေလွှဲရင်လည်း စစ်ကောင်စီသတ်မှတ်ထားတဲ့ ဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကတစ်ဆင့် ပို့ရပါမယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org