အာဏာသိမ်းတစ်နှစ်ကျော်အတွင်း သေဆုံးသူ ၅၆၀၀ ကျော် ရှိလာ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းနောက်ဆက်တွဲ ဖြစ်စဉ်တွေကြောင့် အချိန်တစ်နှစ်ကျော်တွင်းမှာ သေဆုံးတဲ့ အရပ်သား ၅၆၄၅ ဦးအထိ ရှိလာနေတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မူဝါဒနဲ့ မဟာဗျူဟာ လေ့လာရေး အင်စတီကျု (ISP Myanmar) က မေလ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ကန်ကျေးရွာအား စစ်တပ်နှင့် ပျူစောထီးများမှ ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့စဉ် Photo: CJ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းနောက်ဆက်တွဲ ဖြစ်စဉ်တွေကြောင့် အချိန်တစ်နှစ်ကျော် တွင်းမှာ သေဆုံးတဲ့ အရပ်သား ၅၆၄၅ ဦးအထိ ရှိလာနေတယ်လို့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ မူဝါဒနဲ့ မဟာဗျူဟာ လေ့လာရေး အင်စတီကျု (ISP Myanmar) က မေလ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အခုကြုံတွေ့နေရတဲ့ သေကြေပျက်စီးမှုတွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး သမိုင်းတစ်လျှောက်မှာ မကြုံစဖူးအောင် များပြားတဲ့အရေအတွက်ဖြစ်တယ်လို့ ISP Myanmar ရဲ့ အကြီးတန်းသုတေသီ ဦးကျော်ထက်အောင်က RFA ကို ပြောပါတယ်။

“စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ သမိုင်းတစ်လျှောက် မကြုံဘူးတဲ့ တုံ့ပြန်မှုတွေ၊ တွန်းကန်မှုတွေကို တွေ့ရတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မှာဆိုရင် သူပုန်ထမှုတွေ ပိုများလာတယ်။ တွန်းကန်မှုတွေ ပိုများလာတယ်။ ဒါကိုဆန့်ကျင်ကြတာ ပိုများလာတယ်။ ဒါ့အပြင် မြို့ပေါ်မှာလည်း ပဋိပက္ခပုံစံတွေ အများကြီး ဖြစ်လာတယ်။ နှစ်ဖက်ရဲ့ ထိတိုက်မှုတွေ ပိုများလာတဲ့အခါကျတော့ အရပ်သားပြည်သူတွေအနေနဲ့ ထိခိုက်ကျဆုံးမှုတွေလည်း များလာတယ်”

ISP Myanmar ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူ ၅၆၄၅ ဦးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့အထိ တစ်နှစ်ကျော်အတွင်း ဆန္ဒပြပွဲတွေမှာ ပစ်ခတ်ခံရတာ၊ ဖမ်းဆီးခံရပြီးနောက် သေဆုံးတာ၊ သတင်းပေးလို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံ ရတာ၊ သွေးသောက်အဖွဲ့ရဲ့ သတ်ဖြတ်မှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ ဆန္ဒပြနေစဉ်အတွင်း ပစ်ခတ်ခံရတာနဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူက ၁၈၃၁ ဦးရှိပြီး စစ်ကိုင်းတိုင်းကတော့ သေဆုံးသူဦးရေ ၅၉၉ ဦးရှိတာကြောင့် အရပ်သားသေ ဆုံးမှု အများဆုံးရှိခဲ့တဲ့ ဒေသဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းကာလ တစ်နှစ်ကျော် ကြာလာပေမယ့် စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးနှိပ် စက်ခံရတာကြောင့် သေဆုံးရသူတွေရဲ့ အရေအတွက်ကလည်း ဆက်လက်မြင့်တက်နေဆဲ ဖြစ်တယ်လို့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org