မုံရွာထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၄ ဦး အစာအငတ်ခံ ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ ဌာနပေါင်းစုံ ရှာဖွေရေးဝင်ရောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပစ္စည်းတွေသိမ်းယူသွားတာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက စက်တင်ဘာလ ၈ ရက်နေ့ကစပြီး အစာအငတ်ခံဆန္ဒပြနေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ရှိ မုံရွာအကျဉ်းထောင်ကို တွေ့ရစဥ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ ဌာနပေါင်းစုံ ရှာဖွေရေးဝင်ရောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပစ္စည်းတွေသိမ်းယူသွားတာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက စက်တင်ဘာလ ၈ ရက်နေ့ကစပြီး အစာအငတ်ခံဆန္ဒပြနေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး ပြန်မပေးတာကြောင် အစာငတ်ခံဆန္ဒပြနေကြတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုလွင်မိုးသန့်က RFA ကိုပြောပါတယ်။

" ဒီနေ့ ဌာနပေါင်းစုံ ရှာဖွေရေးဝင်တယ်၊ စစ်သားတွေလည်းပါတယ်၊ ရဲတွေပါတယ်၊ ထောင်ကလူတွေလည်းပါတယ်၊ ဝင်တဲ့အချိန်မှာ အကျဉ်းသားတွေဆီကနေ စာအုပ်တွေ၊ အဝတ်အစားတွေ၊ စားအိုစားခွက်တွေရယ်၊ စောင်တွေရော အကုန်ယူသွားတယ်၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ထားခဲ့တယ်၊ ပစ္စည်းတွေအကုန်သိမ်းသွားတယ်၊ ထောင်ပိုင်ဆီပြန်တောင်းတော့ သူတိုနဲ့မဆိုင်ဘူးဆိုပြီး လွှဲချနေတယ်၊အဲဒါကြောင့် တစ်ဆောင်ကို နှစ်ယောက်နှုန်းနဲ့ ၁၄ ယောက် အစာအငတ်ခံ ဆန္ဒပြနေတယ်"

ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကလည်း ထောင်ကပေးတဲ့ ထမင်းတွေ၊ ဟင်းတွေမစားဘဲ ဆန္ဒပြနေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေဟာ သူတို့ဆီက သိမ်းယူသွားတဲ့ စာအုပ်တွေ၊ စောင်တွေအပါအဝင် သိမ်းဆည်းသွားတဲ့ပစ္စည်းတွေ ပြန်ပေးဖို့နဲ့ ထောင်ဝင်စာပို့ရာမှာ ကန့်သတ်ထားတာတွေ ဖယ်ရှားပေးဖို့ တောင်းဆို ဆန္ဒပြနေတယ်လို့လည်း သူကပြောပါတယ်။

ဒီတောင်းဆိုချက်တွေကို မလိုက်ရောဘူးဆိုရင် နောက်ထပ်နိုင်ငံရေးအကျဉ်းသားတွေက ထပ်ပြီး အစာအငတ်ခံဆန္ဒပြသွားမယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလကလည်း အကျဉ်းထောင်ဆူပူ မှုဖြစ်ပွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီလိုအထူးရှာဖွေရေး ဝင်ရောက်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာအုပ်တွေအပါအဝင် ပစ္စည်းတွေ သိမ်းယူခဲ့ပါတယ်။ ဒီတစ်ကြိမ်ကတော့ ဘာကြောင့်လုပ်တယ်ဆိုတာ မသိရသေးဘူးလို့လည်း ပြောပါတယ်။

လက်ရှိမှာ အစာအငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးကို မုံရွာအကျဉ်းထောင်က သီးသန့်ဆောင်မှာ ထားတယ်လို့လည်း သိရပါတယ်။

မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၇၀၀ နီးပါးရှိတယ်လို့လည်း မုံမုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတာဝရှိသူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာနနဲ့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA ကဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org