မုံရွာမြို့ အမှတ် ၁ အချုပ်ထောင်က နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ခံနေရ

အမှုမဖွင့်ရသေးတာနဲ့ တရားမစွဲရသေးဘဲ ဥပဒေမဲ့ ချုပ်နှောင်ခံရသူ အယောက် နှစ်ရာခန့်ရှိပြီး အဲဒီအထဲက တချို့ဆိုရင် တစ်နှစ်ခန့်ရှိပြီလို့လည်း ဆိုပါတယ်။

မုံရွာမြို့မ ရဲစခန်း ဝင်ပေါက် မျက်နှာစာ မြင်ကွင်း။ Citizen Journalist

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အမှတ် (၁) ရဲစခန်းအချုပ်ထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်တာတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံလုပ်နေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး ဆေးဝါးကုသခွင့်မရလို့ သေဆုံးသူတွေရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို‌ ပြောပါတယ်။

"စစ်ကောင်စီက ပေးတဲ့ ပုံစံထမင်းက အကုန်လုံး လောက်လောက်ငှငှမရပါဘူး။ မနက်ပိုင်းရတဲ့သူက ညနေပိုင်းမရ၊ ညနေပိုင်းရတဲ့သူက မနက်ပိုင်းမရ၊ အဲဒီမှာမှ နေ့ရောညရော ရတဲ့သူဆိုရင် အိမ်ကနေ ထမင်းပို့နိုင်တဲ့သူလောက်ပဲ နေ့ရော ညရောစားရတယ်။ မလောက်မငှကိုပဲ ဝေငှ စားနေရတယ်။ ဆေးဝါးကုသခွင့်က လုံးဝမရှိသလောက်ပါပဲ။ စစ်ကြောရေးမှာ ထိုးကြိတ်လို့ ဒဏ်ရာရပြီး ဆေးဝါးကုသခွင့်မရလို့ အသက်ဆုံးရှုံးသွားတဲ့ ရဲဘော်တွေလည်း တော်တော်လေးကို ရှိနေပြီ"

ဆေးကုသခွင့်မရလို့ သေဆုံးသွားသူ အရေအတွက်ကို တိတိကျကျ မပြောသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ မိသားစုနဲ့တွေ့ခွင့်မရတာ၊ ထမင်းဟင်း အလုံအလောက် မစားရတာ၊ အချုပ်ထောင်မှာ ကျပ်ကျပ်တည်းတည်း နေရတာ၊ ကျန်းမာရေးစောင့်ရှောက်မှု မရတာနဲ့ ထောင်အာဏာပိုင်တွေရဲ့ ဆဲဆိုတာတွေ ခံနေရတယ်လို့လည်း ပြောပါတယ်။

ဒီအခြေအနေတွေကို ကူညီဖြေရှင်းပေးဖို့ အချုပ်ထောင်ထဲမှာ ဖမ်းဆီးခံထားရသူတစ်ဦးက နိုင်ငံရေးအကျဉ်းသားတွေအရေး ကူညီပေးနေတဲ့အဖွဲ့တစ်ခုကို အကူအညီတောင်းခံတဲ့စာတစ်စောင်ရဲ့ မိတ္တူပုံကိုလည်း RFA က လက်ခံရရှိထားပါတယ်။

အဲဒီစာအရ အမှတ် (၁) အချုပ်ထောင်က အမျိုးသားအခန်းမှာ ၇၀ ဦး၊ အမျိုးသမီးအခန်းမှာ ၂၅ ဦးနဲ့ လျှောက်လမ်းမှာ အယောက် ၂၅၀ အထိ ရှိတယ်လို့လည်း ပြောပါတယ်။

ဒီအထဲမှာ အမှုမဖွင့်ရသေးတာ၊ တရားမစွဲရသေးဘဲ ဥပဒေမဲ့ ချုပ်နှောင်ခံရသူ အယောက် နှစ်ရာခန့်ရှိပြီး အဲဒီအထဲက တချို့ဆိုရင် တစ်နှစ်ခန့်ရှိပြီလို့လည်း ဆိုပါတယ်။

မုံရွာမြို့မှာ နိုင်ငံရေးအကျဉ်းသားတွေကို အမှတ် (၁) စခန်း၊ အမှတ် (၂) စခန်းနဲ့ မုံရွာအကျဉ်းထောင် စတဲ့ နေရာသုံးခုမှာ ထားတယ်လို့လည်း ပြောပါတယ်။

မုံရွာအမှတ် (၁) အချုပ်ထောင် အခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီအကျဉ်းစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ အဖမ်းခံရသူ ၂၆၁၉၉ ဦးရှိပြီး အဲအထဲက ၂၀၁၆၈ ဦးဟာ အကျဉ်းထောင်တွေထဲမှာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org