အကျဉ်းကျသံဃာတွေ လွှတ်ပေးရေး ဆန္ဒပြ သံဃာများ တောင်းဆို

မန္တလေးမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ သံဃာတော် ၅ ပါးက သမ္မတ ဦးသိန်းစိန် အနေနဲ့ နိုဝင်ဘာလ အတွင်း အကောင်အထည် ဖေါ်ပေးရမဲ့ အချက် ၃ ချက်ပါ တောင်းဆိုစာကို ဒီကနေ့ ပေးပို့လိုက်ပါတယ်။

အကျဉ်းကျသံဃာတွေ လွှတ်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လွတ်လပ်စွာ ဟောပြောခွင့် အတွက် ဆန္ဒပြ တောင်းဆိုနေသော သံဃာ ၅ ပါးရဲ့ တရားပွဲကို ဒုတိယနေ့အဖြစ် တက်ရောက် နာယူနေကြသည့် သံဃာများကို မစိုးရိမ် တိုက်ဟောင်းဝင်း အတွင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တွေ့ရစဉ်။ AFP

ဒီစာကို မန္တလေးတိုင်း သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်တွေကတစ်ဆင့် ပေးပို့ခဲ့တာဖြစ်ပြီး နိုင်ငံရေးအရ အကျဉ်းကျနေတဲ့ သံဃာတော်တွေ အမြန်ပြန်လွှတ်ပေးရေးကို ဦးစားပေး တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြ သံဃာ ၅ ပါးရဲ့ တရားပွဲကို တက်ရောက်ခဲ့တဲ့ မန္တလေးမြို့ခံတစ်ဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။

အခုလို သံဃာ့မဟာနာယကအဖွဲ့ကတစ်ဆင့် စာပို့ရတာဟာ တရားဝင်ဖြစ်အောင်လို့ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆန္ဒပြသံဃာ့ခေါင်းဆောင် ရှင်သောပါကက မိန့်ပါတယ်။

ဆန္ဒပြသံဃာတော်တွေ အပါအဝင် မစိုးရိမ်တိုက်ဟောင်းဝင်းအတွင်းက သံဃာအပါး ၅၀၀ ကိုပါ မန္တလေးလူထုက နေ့ဆွမ်းကပ်ပြီး ဆန္ဒပြသံဃာ ၅ ပါးဟာ နေ့လယ် ၁ နာရီက ၂ နာရီကျော်ထိ တရားဟောခွင့် ရခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ မန္တလေးတိုင်း သံဃာ့မဟာနာယကအဖွဲ့ဝင် မစိုးရိမ်တိုက်သစ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသက ဆန္ဒပြသံဃာ ၅ ပါးရဲ့တရားပွဲကို အမြန် သိမ်းခိုင်းပြီး ဆန္ဒပြသံဃာတော်တွေကို မဟာမြတ်မုနိဘုရားကြီးတောင်ဘက်က ရေတော်ကျောင်းတိုက်မှာ နေရာချထားလိုက်တယ်လို့ သိရပါတယ်။

မနေ့ကတော့ ဆန္ဒပြသံဃာတော်တွေကို ဗုဒ္ဓဟူး ကြာသာပတေး ၂ ရက် လွတ်လွတ်လပ်လပ် တရားဟောခွင့် ပေးမယ်လို့ သံဃာ့ မဟာနာယဆရာတော်တွေက ကတိပေးခဲ့ပေမယ့် ဒီကနေ့ ၁ ရက်သာ ဟောခွင့်ရပြီး နက်ဖြန်မှာ တရားဟောခွင့် မရှိတော့ဘူးလို့ သိရပါတယ်။

ဒီဆန္ဒပြမှုနဲ့ပတ်သက်လို့ အခုအထိ အဖမ်းအဆီးတစ်စုံတစ်ရာ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း အာရ်အက်ဖ်အေ ဝိုင်းတော်သားတော်သားတွေ ဖြစ်တဲ့ ဦးကိုကိုအောင်၊ ဦးဝင်းနိုင်နဲ့ ဦးဉာဏ်ဝင်းအောင်တို့က စုစည်းတင်ပြပါလိမ့်မယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org