ဘားအံမြို့ ဝိမုတ္တိကျောင်းမှ ဦးပဉ္စင်းတစ်ပါးနှင့် ကပ္ပိယသုံးဦး အဖမ်းခံရ

ဝိမုတ္တိကျောင်းတိုက်ကို မဘသသံဃာအချို့အပါအဝင် စစ်ကောင်စီတပ်သားတွေနဲ့ BGF တပ်သားတွေ ဝင်ရောက်ပြီး ကျောင်းမှာ သီတင်းသုံးနေတဲ့ ဦးပဥ္စင်းတစ်ပါးနဲ့ ကပ္ပိယသုံးဦးကို ဖမ်းဆီးသွားတာပါ။

ကရင်ပြည်နယ် ဘားအံမြို့ အဝေးပြေးလမ်းတစ်နေရာအား ၂၀၁၈ ခုနှစ်က တွေ့ရစဉ်။ RFA

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဘုရားကုန်းရွာက ဝိမုတ္တိသုခကျောင်းတိုက်ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က မဘသသံဃာအချို့အပါအဝင် စစ်ကောင်စီတပ်သားတွေနဲ့ BGF တပ်သားတွေ ဝင်ရောက်ခဲ့ပြီး ကျောင်းမှာ သီတင်းသုံးနေတဲ့ ဦးပဥ္စင်းတစ်ပါး အပါအဝင် ကပ္ပိယသုံးဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝိမုတ္တိသုခကျောင်းတိုက်ကို သင်္ကန်းဝတ်ကိုယ်တော်တချို့က ဧည့်သည်အယောင်ဆောင် ရောက်ရှိလာပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ BGF တပ်သားတွေ ဝင်ရောက်ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက RFA ကို ပြောပါတယ်။

“လာဖမ်းတာကလည်း ပထမဆုံး ဘုန်းကြီးတွေက ခရီးသွားဧည့်သည် အယောင်ဆောင်ပြီးလာတယ်။ သိပ်မကြာခင်မှာပဲ စစ်တပ်နဲ့ BGF က အင်အားအလုံးအရင်းနဲ့ ဝင်ဖမ်းသွားတယ်။ ဘုန်းကြီးတစ်ပါးရယ်၊ ကျောင်းမှာနေတဲ့ ကပ္ပိယသုံးဦးရယ် အဖမ်းခံရတယ်။ ကျောင်းထဲမှာလည်း အကုန်မွှေနှောက်သွားတယ် ”

အဖမ်းခံရတဲ့ ဦးပဥ္စင်းရဲ့ ဘွဲ့အမည်က ဦးတိလောကဖြစ်ပြီး ဝိမုတ္တိသုခကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်နေတာ ငါးဝါခန့်ရှိသလို ကျောင်းတိုက်ရဲ့ ဝေယျာဝစ္စလုပ်ကိုင်ပေးသူ ဒကာနှစ်ဦးနဲ့ ဒကာမတစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ကျောင်းတိုက်အတွင်းက ကွန်ပျူတာသင်တန်းပို့ချတဲ့ ပညာအလင်းဖောင်ဒေးရှင်းရဲ့ ကွန်ပျူတာတွေလည်း သိမ်းဆည်းခံရသလို မဘသကိုယ်တော်တချို့ကတော့ လက်ရှိ ကျောင်းတိုက်တွင်း ဝင်ရောက် နေထိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ရာမှာတော့ လုံခြုံရေးနဲ့ စစ်ရေးဆိုင်ရာသတင်းတွေကို သူ့အနေနဲ့ ချက်ချင်း မသိနိုင်ဘူးလို့ တုံ့ပြန်ပါတယ်။

ဝိမုတ္တိသုခကျောင်းတိုက်ကို ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က ၂၀၁၅ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကလည်း ဆရာတော်မင်းသုညကို စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်ရှာဖွေတာကြောင့် လွတ်မြောက်နယ်မြေကို ထွက်ပြေးခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၂၇ ရက်အထိ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနှစ်နှစ်ကျော်အတွင်း ဖမ်းဆီးခံထားရသူ ၁၆,၀၆၅ ဦးရှိပါတယ်။

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org