မိုးဗြဲမှာ စစ်ဘေးဒုက္ခသည် သုံးဦး အသတ်ခံရ

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်က စစ်ဘေးဒုက္ခသည်သုံးဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ Mobye Rescue Team

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်က စစ်ဘေးဒုက္ခသည်သုံးဦး သတ်ဖြတ်ခံလိုက် ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် ဦးလှငြိမ်း၊ အသက် ၈၁ နှစ်အရွယ် ဒေါ်မူလူးနဲ့ အသက် ၁၅ နှစ်အရွယ် မောင်ကျော်ဟူးတို့ သတ်ဖြတ်ခံလိုက်ရတာပါ။

မိုးဗြဲမြို့နယ်အရှေ့ခြမ်းက စစ်ဘေးဒုက္ခသည်စခန်းတစ်ခုကို စစ်ကောင်စီရဲ့ တပ်မ ၆၆ က စစ်ကြောင်းထိုးခဲ့ပြီး စစ်ဘေးဒုက္ခသည် သုံးဦး သတ်ဖြတ်ခံရတာလို့ ဖယ်ခုံ PDF တပ်ရင်း-၂ ကလည်း မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒေသခံတစ်ဦးကတော့ သတ်ဖြတ်ခံရသူတွေဟာ လယ်ထွန် စစ်ဘေးဒုက္ခသည်စခန်းက ဖြစ်တယ်လို့ RFA ကို ပြောပြပါတယ်။

"လေယာဉ်နှစ်စီးနဲ့ လာတိုက်သေးတယ်။ လယ်ထွန် စစ်ဘေးဒုက္ခသည်စခန်းကပါ။ တစ်ယောက်က ကလေးဗျ။ စစ်ကြောင်းထိုးရင်းနဲ့ သူ့အဖေအမေကို သွားပြောပြ ရအောင်ဆိုပြီး ပြေးသွားတာပေါ့။ ပြေးသွားရင်းနဲ့ တပ်နဲ့တွေ့တော့ တစ်ခါတည်း ပစ်သတ်လိုက်တာလေ"

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

မိုးဗြဲမြို့နယ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် စစ်ဘေးဒုက္ခသည် စခန်းတွေနဲ့ ကျေးရွာတွေက အရပ်သား ၂၃၀၀ ဝန်းကျင် ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းတွေအရ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်ရင်း သေဆုံးသူ ၁၃၀ ဦးအထိရှိနေပြီလို့ မတ်လ ၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org