မိုင်းရှူးမှာ ပေါက်ကွဲမှုဖြစ်၊ ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့အနီး မိုင်းရှူး-တန့်ယန်းလမ်းမပေါ်မှာ ဒီကနေ့ မနက်ပိုင်း က မိုင်းတစ်လုံး ပေါက်ကွဲခဲ့လို့ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီး ဦးစန်းလွင်ကို နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ် Photo: Khun Yazar/ RFA

ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့အနီး မိုင်းရှူး-တန့်ယန်းလမ်းမပေါ်မှာ ဒီကနေ့ မနက်ပိုင်းက မိုင်းတစ်လုံး ပေါက်ကွဲခဲ့လို့ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မိုင်းရှူးမြို့မြောက်ဘက် နှစ်ဖာလုံလောက်အကွာ လမ်းမပေါ်မှာ ပေါက်ကွဲတာ ဖြစ်တယ်လို့ မိုင်းရှူးမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က ပြောပါတယ်။

"မိုင်းရှုးရဲ့မြောက်ဖက် ၂ ဖာလုံလောက်မှာ၊ ၈ နာရီ ၁၅ လောက်မှာပေါက်တာဗျ၊ မိုင်းကတော့ ထောင်ထားတဲ့ မိုင်းဖြစ်ဖို့များတယ်၊ အဲ့ချိန်မှာ ဆိုင်ကယ်စီး ပြီးတော့ ပြန်လာတာ၊ ပေါက်တာတော့လမ်းဘေးမှာပေါက်တာ၊ သူတို့ကိုဗုံးစတွေထိမှန်တာပဲ၊ ဆိုင်ကယ်စီးရင်းနဲ့ မြို့ထဲရောက်လာတာ၊ တစ်ယောက်က နဖူးမှာတစ်ချက်ရယ်၊ ဗိုက်တစ်ချက် ရယ်ကတော့၊ နောက်တစ်ယောက်ကတော့ ပါးမှာတစ်ချက်၊ လက်ဖျံမှာတစ်ချက်၊ ခြေကျင်းဝတ်မှာ တစ်ချက်"

ဒဏ်ရာရသူနှစ်ဦးတို့ဟာ ဆိုင်ကယ်စီးရင်း မိုင်းရှူးမြို့ကို ပြန်လာရာကနေ အဲဒီနေရာအရောက်မှာ ပေါက်ကွဲခဲ့တာဖြစ် တယ်လို့ ပြောပါတယ်။ သူတို့နှစ်ဦးဟာ မိုင်းစတွေထိမှန်ထားတာမို့ ခိုလမ်မြို့ ဆေးရုံမှာ ဆေးကုသခံယူနေတယ် လို့ ပြောပါတယ်။

ဒါ့အပြင် မိုင်းရှူးမြို့အနီး ဒီနေ့ မနက်ပိုင်းမှာပဲ နောက်ထပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာသူမရှိဘူးလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ဒုတိယရဲမှူး စန်းလွင်က ပြောပါတယ်။

"၉ နာရီ ၁၅ လောက်မှာ ပထမပေါက်ကွဲတဲ့နေရာနဲ့ အနီးပတ်ဝန်းကျင်မှာ ထပ်ပေါက်ကွဲတယ်လို့ သိရပါတယ်၊ အဲ့ပေါက်ကွဲမှုမှာတော့ ထိခိုက်ဒဏ်ရာမရရှိဘူး၊ မိုင်းရှုးကနေ တန့်ယန်းဘက်ထွက်တဲ့နေရာမှာ၊ မြို့နဲ့ဆိုရင် ၂ မိုင်ကျော်လောက် ဝေးတယ်၊ ဒုတိယအလုံးကတော့ ၃ မိုင်လောက်မှာဖြစ်တာပေါ့"

ပေါက်ကွဲသွားတဲ့ မိုင်းအမျိုးအစားကိုတော့ စစ်ဆေးနေဆဲဖြစ်ပြီး ဘယ်မိုင်း အမျိုးအစားကို ပြောလို့မရသေးဘူး လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၀ ရက်နေ့က မိုင်းရှူးမြို့ပေါ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဆောက်အဦးနားမှာ မိုင်းပေါက် ကွဲခဲ့လို့ လေးဦးထိခိုက်ဒဏ်ရာ ရခဲ့ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း လဲချားမြို့အထွက်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ကလေးနှစ်ဦး သေဆုံးခဲ့ရပါတယ်။

မိုင်းရှူးမြို့နယ်အနီးတစ်ဝိုက်မှာတော့ အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ တာ တစ်လကျော်ကြာနေပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org