အရှေ့တောင်အာရှက ရာဇဝတ်ဂိုဏ်းတွေ တစ်နှစ် ဒေါ်လာ သုံး ထရီလီယံရနေ
ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားနိုင်ငံမှာ အခြေစိုက်တဲ့ အင်တာနက် ငွေလိမ်လုပ်ငန်းတွေမှာ လူပေါင်း တစ်သိန်းကျော် လူကုန်ကူးခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
-
RFA Burmese
2024-03-27 -
-
-
ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်း လူကုန်ကူးမှုနဲ့ အင်တာနက် ငွေလိမ်လုပ်ငန်းတွေကြောင့် ကြီးထွားလာတဲ့ အရှေ့တောင်အာရှ ဒေသအတွင်းက ရာဇဝတ်ဂိုဏ်းတွေဟာ ခုတော့ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ပြီး တစ်နှစ်ကို ဒေါ်လာ သုံး ထရီလီယံ ရနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပိုလ် အကြီးအကဲက မတ် ၂၇ ရက်က ပြောလိုက်ပါတယ်။
အစက အရှေ့တောင်အာရှဒေသက အန္တရာယ်တစ်ရပ်အနေနဲ့ရှိခဲ့ရာက အခုဆို တစ်ကမ္ဘာလုံး လွှမ်းခြုံတဲ့ လူကုန်ကူးမှုတွေ ဖြစ်လာနေပါတယ်။ အင်တာနက်ပေါ်က အလိမ်ခံရသူရော၊ ဒီလုပ်ငန်းတွေထဲမှာ ချုပ်နှောင်ထားပြီး စေခိုင်းခံနေရသူပါ သန်းနဲ့ချီ ရှိလာတယ်လို့ အင်တာပိုလ် စင်ကာပူရုံးမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အင်တာပိုလ် ရဲတပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဂျူရန် စတော့က ပြောပါတယ်။
ဒီ ရာဇဝတ် ဂိုဏ်းတွေဟာ အင်တာနက်ပေါ်မှာ ဘယ်သူဘယ်ဝါဆိုတာ လူသိခံဖို့ မလိုတဲ့အတွက်နဲ့ အခုနောက်ပိုင်း စီးပွားရေး ပုံစံပြောင်းလာတာတွေကြောင့် ကိုဗစ် ကပ်ရောဂါကာလအတွင်းမှာ တဟုန်ထိုး ကြီးထွားလာပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်က ဘယ်သူမှ ဖြစ်လာမယ်လို့ ထင်မထားတဲ့ အတိုင်းအတာအထိ ရောက်လာနေပါတယ်လို့ သူက ပြောသွားပါတယ်။
ဒီ ရာဇဝတ် ဂိုဏ်းတွေဟာ သူတို့ရဲ့ ငွေရလမ်းတွေကို တစ်ခုထက်မက တိုးချဲ့ထားကြပြီး၊ မူးယစ်ဆေး အရောင်းအဝယ်လုပ်တဲ့ လမ်းကြောင်းတွေကို လူကုန်ကူးဖို့၊ လက်နက်နဲ့ ခိုးယူထားတဲ့ မော်တော်ယာဉ်လို ကုန်ပစ္စည်း အမျိုးမျိုး ပို့ဆောင်ဖို့အတွက် အသုံးပြုနေကြတယ်လို့ ဂျူရန် စတော့က ပြောပါတယ်။
အခုဆိုရင် ဒီလုပ်ငန်းအားလုံးရဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တရားမဝင်ကုန်ပစ္စည်းနဲ့ ငွေကြေးလွှဲပြောင်းမှု အားလုံးပေါင်း တစ်နှစ်ကို ဒေါ်လာ နှစ် ထရီလီယံကနေ သုံး ထရီလီယံအထိ ရှိနိုင်ပြီး၊ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၅၀ ဘီလီယံအထိ ဝင်ငွေရှာနိုင်တဲ့ ရာဇဝတ် ဂိုဏ်းတွေလည်း ရှိလာနေပြီလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားနိုင်ငံမှာ အခြေစိုက်တဲ့ အင်တာနက် ငွေလိမ်လုပ်ငန်းတွေမှာ လူပေါင်း တစ်သိန်းကျော် လူကုန်ကူးခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာလည်း အင်တာနက်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သံသယ ရှိခံရတဲ့ တရုတ်နိုင်ငံသား သောင်းနဲ့ချီကို စစ်ကောင်စီက တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။