မိုးမိတ်နဲ့ ကျောက်မဲမှာ တိုက်ပွဲဆက်ဖြစ်နေ
ကျောက်မဲနဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ TNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဇူလိုင်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-07-29 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဇူလိုင်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မိုးမိတ်မြို့ စစ်ကောင်စီတပ် ဗျူဟာကုန်းအပါအဝင် ခလရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၃၃) တပ်ရင်းတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်တချို့ သိမ်းဆည်းရမိတယ်လို့ TNLA က ပြောပါတယ်။
ကျောက်မဲမြို့နယ်မှာတော့ လွယ်ခွန်တောင်နဲ့ တာဝါတိုင်စခန်းနေရာတွေ အပါအဝင် ခမရ (၅၀၁)၊ ခမရ (၅၀၂) တပ်ရင်းတွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ကျောက်မဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပစ်တော့ပစ်နေကြတာပဲ၊ ပစ်လိုက်ရပ်လိုက်နဲ့ပေါ့၊ အဲဒီလိုပါပဲ။ မနေ့က ပစ်တာတော့ ၅၀၁၊ ၅၀၂ နဲ့ ပစ်နေကြတယ်။ မန္တလေးဘက်ကို စစ်ရှောင်တဲ့သူတွေကလည်း တချို့ ပြန်လာတာရှိတယ်။ တချို့ကလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြတုန်းပဲ”
TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာတော့ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံတိုက်ခိုက်ချိန် လက်နက်တချို့ကို သိမ်းဆည်းရမိသလို စစ်သုံ့ပန်း နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ တစ်လအတွင်း TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ မန္တလေးတိုင်း စဉ့်ကူးနဲ့ မိုးကုတ်မြို့တွေကို သိမ်းပိုက်ထားပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က လားရှိုးမြို့ရဲ့ နေရာအများအပြားကို ထိန်းချုပ်ထားပါတယ်။