မိုးမောက်မြို့ ၄၃၇ တပ်ရင်းရှေ့မှာ ဆိုင်ကယ်စီးသူနှစ်ဦး ပစ်သတ်ခံရ
မိုးမောက်မြို့က စစ်ကောင်စီတပ် ၄၃၇ တပ်ရင်းဂိတ်ရှေ့မှာ ဖေဖော်ဝါရီ ၁၈ ရက်က ဆိုင်ကယ်စီး လာသူ နှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
- 2022-02-19
-
-
-
ကချင်ပြည်နယ် မိုးမောက်မြို့က စစ်ကောင်စီတပ် ၄၃၇ တပ်ရင်းဂိတ်ရှေ့မှာ ဖေဖော်ဝါရီ ၁၈ ရက် မနေ့ ည ၉ နာရီကျော်လောက်က ဆိုင်ကယ်စီးလာသူ နှစ်ဦးဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ ပစ်သတ်တာ ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်ကယ်မောင်းလာရင်း စစ်ကောင်စီတပ် ၄၃၇ တပ်ရင်းဂိတ်က ရပ်ခိုင်းတာကို မရပ်ပေးလို့ဆိုပြီး ပစ်သတ်ခံရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့နှစ်ယောက် ဆိုင်ကယ်နဲ့ လာတဲ့အချိန် အပစ်ခံလိုက်ရတာ။ ပွဲချင်းပြီး ဆုံးသွားတာတဲ့။ ခါတိုင်းက အဲဒီတပ်ရှေ့ကဂိတ်မှာ ခရီးသွားတွေ ရပ်ခိုင်းတာမရှိဘူး "
မိုးမောက်မြို့ ကြေးနန်းရပ်ကွက်မှာ နေထိုင်ကြတဲ့ အသက် ၃၀ ကျော်အရွယ် ဦးလပါ နဲ့ ဦးထိန်နန် တို့ ဖြစ်ကြပြီး သူတို့နှစ်ဦးစလုံးဟာ ကျပန်းလုပ်ကိုင် စားသောက်ကြသူတွေ လို့လည်း ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင် သေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် ည ပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအနီးမှာ လူငယ်ခြောက်ဦး စီးနင်းလာတဲ့ ကားတစ်စီးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ကားပေါ်က မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး ကျန်ငါးဦးလည်း အဖမ်းခံထားရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။