မိုးဗြဲတိုက်ပွဲပြင်းထန်ပြီး PDF တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံး၊ ကိုးဦးဒဏ်ရာရ
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနီး ကာလဝါရီတောင်အနီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စက်တင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေအတွင်း PDF တပ်ဖွဲ့ဝင် ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ပါတယ်။
- 2022-09-25
-
-
-
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနီး ကာလဝါရီတောင်အနီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စက်တင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေအတွင်း PDF တပ်ဖွဲ့ဝင် ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ပြောပါတယ်။
မိုးဗြဲမြို့ရဲ့ အနောက်တောင်ဘက် နှစ်မိုင်ခွဲဝန်းကျင်က လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်မှာ စစ်ကောင်စီတပ်က တပ်စွဲထားတယ်လို့ MBPDF ရဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ရေးအခြေအနေတော့ လျော့သွားတယ်ဆိုတာ မရှိဘူး။ တင်းမာနေတုန်းပါပဲ။ အခု စစ်ပွဲက မြို့ထဲမှာမဟုတ်ဘဲ မြို့ပြင်ဘက်မှာလို့ ပြောလို့ရတော့ ပြည်သူထိခိုက်မှု မရှိသေးပါဘူး"
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်၊ သေဆုံးမှုတွေရှိပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ သူကပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကယားပြည်နယ်မှာ တိုက်ပွဲ ဖြစ်နေတယ်လို့ စက်တင်ဘာလ ၂၀ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပေမယ့် စစ်ကောင်စီ တပ်သားတွေရဲ့ ထိခိုက်သေဆုံးမှုကိုတော့ ပြောမသွားပါဘူး။
ကာလဝါရီတောင် တိုက်ပွဲမှာ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ လွိုင်ကော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကရင်နီတပ်မတော် (KA)၊ Karenni Generation Z (KGZ)၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ ပူးပေါင်းပါဝင်နေပါတယ်။