သောင်းကျန်းသူလို့ မသုံးနှုန်းဖို့ ကိုးကန့် လွှတ်တော်ကိုယ်စားလှယ် မေတ္တာရပ်ခံ
မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့ကို "သောင်းကျန်းသူ" လို့ မသုံးနှုန်း ဖို့ လောက်ကိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်ကို မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။
-
2015-05-15 -
-
-
မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို "သောင်းကျန်းသူ" လို့ မသုံးနှုန်းဖို့ လောက်ကိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကို မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။
လောက်ကိုင်ဒေသကို အရေးပေါ်အခြေအနေ သက်တမ်းထပ်မံတိုးပေးဖို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လာရောက်ရှင်းပြတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကို ပုဂ္ဂိုလ်ရေးအရ မေတ္တာရပ်ခဲ့တာလို့ ဦးကျော်နီနိုင်က ပြောပါတယ်။
"ကိုးကန့်သောင်းကျန်းသူကိုမသုံးဖို့ ကျနော်လည်း မေတ္တာရပ်ခံထားတာရှိပါတယ်၊ နောင်ကျရင် ကျနော်တို့ MNDAA ခေါင်းစဉ်နဲ့ပေါ့ ကျနော်တို့ သုံးဖို့လည်း အဘကိုလည်း ကျနော် မေတ္တာရပ်ခံထားတာ ရှိတယ်၊ နောက်စာနယ်ဇင်း၊ မဂ္ဂဇင်း၊ စာစောင်ရေးတဲ့ မီဒီယာတွေနဲ့ ပါတနာတွေလည်း ကျနော် ဒီမှာထပ်လောင်းပြီး မေတ္တာရပ်ခံတာက ကျနော်တို့ ကိုးကန့်သောင်းကျန်းသူတွေကို ထည့်လိုက်လို့ရှိရင် ကျနော်တို့ တစ်မျိုးလုံးကိုထိခိုက်ပါတယ်"
အဲ့ဒီမေတ္တာရပ်ခံချက်ကို သက်ဆိုင်ရာတွေထံ ဆက်လက်တင်ပြပေးသွားမှာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် က ပြန်လည်ပြောကြားခဲ့လို့ ဦးကျော်နီနိုင်က ပြောပါတယ်။
ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ MNDAA ကိုးကန့်အဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်ပြီး၊ ပြီးခဲ့တဲ့သီတင်းပတ်က ''ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို တက်ရောက်ခဲ့ပါတယ်။