လားရှိုးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၁၅ လုံးထက်မနည်း ကြဲချ

ပြည်သူနှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သလို လားရှိုးမြို့ရဲ့ အကြီးဆုံး မြို့မဈေးကြီးနဲ့ ဆိုင်ခန်းတွေ တစ်ဝက်လောက် ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးနေတဲ့ အဆောက်အဦအား တွေ့ရစဉ်။ Facebook/ The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကောင်စီက လေကြောင်းကနေ အမျိုးအစားကွဲ ဗုံး ၁၅ လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က စက်တင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက စက်တင်ဘာ ၂၇ ရက်နေ့ မနက် ၃ နာရီကျော်က စပြီး လေကြောင်းကနေ ဗုံးသုံးကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူနှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သလို လားရှိုးမြို့ရဲ့ အကြီးဆုံး မြို့မဈေးကြီးနဲ့ ဆိုင်ခန်းတွေ တစ်ဝက်လောက် ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ဩဂုတ်လကုန်ကနေ စက်တင်ဘာ ၂၇ ရက်နေ့ထိ လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်မှု ခုနစ်ကြိမ် ရှိခဲ့ကြောင်းနဲ့ စုစုပေါင်း ဒေသခံသုံးဦး သေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာရခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲလာတဲ့အတွက် ဒေသခံ ပြည်သူတွေ စိုးရိမ်စိတ်နဲ့ နေနေရတယ်လို့ လားရှိုးဒေသခံ တစ်ယောက်က RFA ကိုပြောပါတယ်။

“မြို့ပျက်ကြီးဖြစ်အောင်များ လုပ်မလို့လားမသိ။ သူအကုန် ဖျက်ဆီးပစ်နေပြီ။ ဘယ်သူ့အိမ်ဖြစ်ဖြစ်လေ နှမြောတယ်။ ပြန်တည်ဆောက်ဖို့ဆိုတာ မလွယ်ကူဘူးလေ။ ခုစီးပွါးရေးလည်း လုပ်ချင်တာတောင် ဘာမှလုပ်မရတဲ့ အနေထားလေ။ ဘယ်ချိန်ကိုယ့်နေရာလေး ပါသွားမလဲဆိုတဲ့ စိုးရိမ်ကြောင့်ကြတဲ့ စိတ်တွေနဲ့ ညဆို အိပ်လို့တောင်မပျော်ဘူး။ အိမ်မှာက အသက်ကြီးတဲ့ လူကြီးတွေလည်း ရှိတော့ ညညဆို ထပြေးပြီး ပုန်းနေရတာ”

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို လုံးဝဂရုမစိုက်ဘဲ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ ကဲ့ရဲ့ ရှုတ်ချတာကို ထပ်မံရရှိပြီး သမိုင်းမှာ ထာဝရ အရှက်ရစေမှာဖြစ်တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

ဒီလို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တန်ပြန်ထိုးစစ်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်သလို လားရှိုးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း အဟန့်အတား ဖြစ်စေတယ်လို့ MNDAA က စက်တင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန် ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org