ဟံသာဝတီ ဦးအုန်းကြိုင်ကို သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ တင်မြှောက်

သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ရာထူးတာဝန်ကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်ကို ဒီနေ့ ရွေးချယ်တင်မြှောက်လိုက်ပါတယ်။

သတင်းမီဒီယာကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင် ရွေးချယ်ပွဲကို Summit Park View ဟိုတယ်မှာ ၂၀၁၈၊ စက်တင်ဘာ ၈ ရက်နေ့က ကျင်းပစဉ် Photo: Mm.presscouncil - facebook

သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ရာထူးတာဝန်ကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်ကို ဒီနေ့ ရွေးချယ် တင်မြှောက်လိုက်ပါတယ်။

ရန်ကုန်မြို့ အလုံလမ်းမှာရှိတဲ့ Summit Park View ဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ သတင်းမီဒီယာကောင်စီ အလုပ် အမှုဆောင်အဖွဲ့ဝင် ရွေးချယ်ပွဲကနေ ရွေးချယ်လိုက်တာဖြစ်ကြောင်း သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဒေါ်သင်းသင်းသာ က RFA ကို ပြောပါတယ်။

"ဥက္ကဋ္ဌက ဟံသာဝတီ ဦးအုန်းကြိုင်၊ ဒု ဥက္ကဋ္ဌ (၁) က ဆရာ ဒေါက်တာ မျိုးသန့်တင်၊ ဒုတိယ ဥက္ကဋ္ဌ (၂) က ဦးကျော်နိုင် (ထက်မြတ်)၊ လောလောဆယ် ရွေးပြီးသွားတာက အတွင်းရေးမှူးက ဦးကျော်စွာမင်း၊ တွဲဖက်အတွင်းရေးမှူး (၁) က ဦးမြင့်ကျော်၊ တွဲဖက်အတွင်းရေးမှူး (၂) က ကိုသာလွန်ဇောင်းထက်။ ဆက်ပြီးတော့ စာရင်းစစ် နဲ့ ဘဏ္ဍာရေးမှူး ဆက်ရွေးနေတယ်ပေါ့နော်"

ဒုတိယ ဥက္ကဋ္ဌ ၁ အဖြစ် ဒေါက်တာ မျိုးသန့်တင်၊ ဒုတိယ ဥက္ကဋ္ဌ ၂ ဦးကျော်နိုင် (ထက်မြတ်)၊ အတွင်းရေးမှူး ဦးကျော်စွာမင်း၊ တွဲဖက်အတွင်းရေးမှူး ၁ ဦးမြင့်ကျော်၊ တွဲဖက်အတွင်းရေးမှူး ၂ သာလွန်ဇောင်းထက်နဲ့ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်ဆိုပြီး စုစုပေါင်း အမှုဆောင်အဖွဲ့ဝင် ၈ ဦးကို ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့က အဆိုပြုထားတဲ့ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ၁ ဦးစီနဲ့ သတင်းမီဒီယာနယ်ပယ်အသီးသီးကို ကိုယ်စားပြု ရွေးချယ်ခံထားရသူတွေအပါအဝင် စုစုပေါင်း ၂၉ ဦးထဲက အလုပ်အမှုဆောင် အဖွဲ့ဝင် ၈ ဦးကို ရွေးချယ်ခဲ့တာပါ။

ဒီနေ့ ရွေးချယ်တင်မြှောက်လိုက်တဲ့ သတင်းမီဒီယာကောင်စီ အမှုဆောင်အဖွဲ့စာရင်းကို နိုင်ငံတော် သမ္မတ ထံ ပေးပို့ပြီး အတည်ပြုချက် ရယူရမှာဖြစ်ပါတယ်။

သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဟံသာဝတီ ဦးအုန်းကြိုင်ဟာ ၁၉၄၅ ခုနှစ်မှာ ဟံသာဝတီ သတင်းစာတိုက်မှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်သလို ပဉ္စမအကြိမ် အမျိုးသား သတင်းဆု ပေးအပ်ပွဲမှာ သတင်းသူရဲကောင်းဆု ရရှိခဲ့သူဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org