နယ်စပ်ခြံစည်းရိုးခတ်မှု မီဇိုရမ်ပြည်နယ်လွှတ်တော် ကန့်ကွက်

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့နဲ့ နယ်စပ်လွတ်လွတ်လပ်လပ်သွားလာခွင့်ရပ်ဆိုင်းဖို့ ဗဟိုအစိုးရကချမှတ်တဲ့ ဆုံးဖြတ်ချက်ကိုမီဇိုရမ်ပြည်နယ်လွှတ်တော်က ကန့်ကွက်လိုက်ပါတယ်။

မြန်မာနယ်စပ်တွင် ခြံစည်းရိုးခတ်မဲ့အစီအစဉ်ကို နယ်စပ်မှာနေထိုင်သည့် ရာနဲ့ချီတဲ့ ဒေသခံများ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ AP

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့နဲ့ နယ်စပ်လွတ်လွတ်လပ်လပ်သွားလာခွင့်ရပ်ဆိုင်းဖို့ ဗဟိုအစိုးရကချမှတ်တဲ့ ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ မီဇိုရမ်ပြည်နယ်လွှတ်တော်က တညီတညွတ်တည်း ကန့်ကွက်လိုက်ပါတယ်။

ဗဟိုအစိုးရအနေနဲ့ စည်းရိုးခတ်မယ့်ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့လည်း ပြည်နယ်ပြည်ထဲရေးဝန်ကြီး Sapdanga က တိုက်တွန်းတယ်လို့ PTI သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီအစား တစ်နိုင်ငံစီမှာ ကွဲနေတဲ့ ဇိုတိုင်းရင်းသားတွေ အုပ်ချုပ်ရေးတစ်ခုအောက် တစ်ပေါင်းတစည်းတည်းရှိအောင် ဆောင်ရွက်သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံက ချင်းတောင်တန်းတွေမှာ နေထိုင်နေတဲ့ ဇိုတိုင်းရင်းသားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်မှုအောက်မှာ ရာစုနှစ်ပေါင်းများစွာ အတူတကွနေထိုင်ခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးက ပြောပါတယ်။

ဗြိတိသျှတွေ နယ်မြေသိမ်းပိုက်ချိန်မှာ အိန္ဒိယ-မြန်မာနယ်ခြားပိုင်းခြား သတ်မှတ်လိုက်တဲ့အတွက် ဇိုတိုင်းရင်းသားတွေရဲ့ နယ်မြေဟာ နှစ်နိုင်ငံဖြစ်သွားတယ်လို့လည်း ဆိုပါတယ်။

ဇိုတိုင်းရင်းသားတွေဟာ ဗြိတိသျှတွေ သတ်မှတ်ခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်ခြားကို လက်မခံနိုင်ဘဲ တစ်နေ့မှာ အုပ်ချုပ်ရေးဌာန တစ်ခုတည်းအောက် ပြန်လည်ပေါင်းစည်းနေထိုင်ဖို့ မျှော်လင့်ထားကြတယ်လို့ မီဇိုရမ် ပြည်နယ် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org