NLD အစိုးရအဖွဲ့ဝင် ဦးမင်းသူနဲ့ ဦးရဲမင်းဦး ထောင်ဒဏ် ထပ်မံချမှတ်ခံရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနဲ့ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့ကို နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာလ ၂၁ ရက် ဒီကနေ့မှာ ထောင်ဒဏ်အသီးသီး ထပ်မံချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
-
RFA Burmese
2022-12-21 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနဲ့ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့ကို နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာလ ၂၁ ရက် ဒီကနေ့မှာ ထောင်ဒဏ်အသီးသီး ထပ်မံချမှတ် ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ယုံကြည်အပ်နှံဖောက်ဖျက်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၄၀၉ အရ ဦးမင်းသူကို ထောင် တစ်နှစ်ခွဲနဲ့ ဦးရဲမင်းဦးကို ထောင်နှစ်နှစ် ထပ်မံချမှတ်ခဲ့တာပါ။
ဒီမတိုင်ခင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူက အမှုနှစ်ခုနဲ့ ထောင်ခြောက်နှစ် ချမှတ်ခံထားရတာကြောင့် လက်ရှိမှာ စုစုပေါင်း ထောင်ခုနစ်နှစ်ခွဲ ကျခံရမှာပါ။
ဦးရဲမင်းဦးကတော့ ယခင်က အမှုကိုးခုနဲ့ ထောင် ၂၄ နှစ်ချမှတ်ခံထားရတာပါ။ ဒီကနေ့ ထပ်မံချမှတ်ခံရတာနဲ့ဆိုရင် စုစုပေါင်း ထောင် ၂၆ နှစ်ကျခံရမှာဖြစ်ပါတယ်။
သူတို့ နှစ်ဦးစလုံးဟာ ဒီကနေ့ ချမှတ်တဲ့အမှုအတွက် အထက်တရားရုံးကို အယူခံ ဆက်တက်ဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုမှာ ဝန်ကြီးဦးမင်းသူက လှုမှုကွန်ရက်ကတဆင့်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အဆင့်မြင့် ထောက်လှမ်းဖော်ထုတ်ဖို့ နိုင်ငံတော်သမ္မတရုံးမှာ တပ်ဆင်တဲ့ နည်းပညာဆိုင်ရာ စက်ပစ္စည်းတွေဝယ်ယူချိန်မှာ နိုင်ငံတော်ဘဏ္ဍာတွေ ဆုံးရှုံးမှု ရှိတယ်ဆိုပြီး စွပ်စွဲခံရတာပါ။
ဦးရဲမင်းဦးကတော့ NLD ပါတီရန်ပုံငွေကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမိန့်ချမှတ်ခံခဲ့ရတာပါ။
သူတို့နှစ်ဦးလုံးကတော့ ဒီအမှုတွေအတွက် အပြစ်မရှိဘူးလို့ ထွက်ဆိုထားပါတယ်။ တရားခွင်အတွင်းမှာလည်း စွပ်စွဲသူတွေဘက်က ဒီကိစ္စရပ်တွေမှာ သက်သေ အထောက်အထား ခိုင်ခိုင်မာမာ မပြနိုင်ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဒဂုံမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူ ဦးရဲမင်းဦးဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီနောက် စစ်ကြောရေးမှာ နံရိုးကျိုးတဲ့အထိ အရိုက်ခံခဲ့ ရပြီး အင်းစိန်ထောင်ထဲမှာ အချိန်ယူဆေးကုသခဲ့ရပါတယ်။
ဦးရဲမင်းဦးက NLD အစိုးရမှာ နေပြည်တော် ဒု-မြို့တော်ဝန်၊ စည်ပင်သာယာရေး ကော်မတီ ဒု-ဥက္ကဋ္ဌနဲ့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ စတဲ့တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။
NLD အစိုးရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူလည်း စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာပဲ ချက်ချင်းဖမ်းဆီးခံခဲ့ရတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၂၁ ရက်က ထုတ်ပြန်တဲ့စာရင်းအရ အာဏာသိမ်းပြီးနောက် NLD အစိုးရအဖွဲ့ဝင်တွေ အပါအဝင် နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ် ၁၃,၀၈၈ ဦးဖမ်းဆီးခံထားရပြီး ၁,၇၆၃ ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။